ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ သုံးသပ်သူတဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန် ကတော့ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် လက်ရှိ ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရတဲ့ ဒီကလန်ရိုက်စ်ကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းပြောင်းဖို့ တိုက်တွန်း အကြံပေးခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် အင်္ဂလန် လက်ရွေးစင် ကွင်းလယ်ခံစစ် ကစားသမား ဒီကလန်ရိုက်စ်ဟာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ကွင်းလယ်ခံစစ် ကစားသမား တဦး အဖြစ် သတ်မှတ်ခံထားရသလို သူ့ရဲ့ ခေါင်းဆောင်နိုင်စွမ်းနဲ့ အသင်းကို မောင်းနှင်နိုင်စွမ်းတို့ကြောင့်ပဲ ပရီးမီးယားလိဂ် အင်အားကြီးအသင်းတွေ ဖြစ်ကြတဲ့ ချယ်လ်ဆီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့က သူ့ကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြပါတယ်။

Photo Credit: Mirror

ဒီကလန်ရိုက်စ်ဟာ ဝက်စ်ဟမ်းရဲ့ အသင်းခေါင်းဆောင် တဦး ဖြစ်သလို အသင်းနဲ့ ၂၀၂၅ခုနှစ် အထိ စာချုပ်သက်တမ်း ကျန်ရှိနေသေးပေမယ့် ဝက်စ်ဟမ်းဘက်က မှန်ကန် သင့်တော်တဲ့ ကမ်းလှမ်းမှုသာ ရရှိလာရင် သူ့ကို အသင်းကနေ ထွက်ခွာခွင့် ပေးမယ်လို့ ကတိကဝတ် ပြုထားပါတယ်။

ဒါကြောင့်ပဲ ဒီကလန်ရိုက်စ်ဟာ လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဝက်စ်ဟမ်းကို စွန့်ခွာပြီး အသင်းကြီး တသင်းထံ ပြောင်းရွှေ့နိုင်တဲ့ အခွင့်အရေးကို ပိုင်ဆိုင်ထားပြီး ပေါလ်မာဆန် ကတော့ ထိပ်တန်း ကွင်းလယ်ခံစစ် ကစားသမား တဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ မန်ချက်စတာ ယူနိုက်တက်က ဒီကလန်ရိုက်စ် အတွက် သင့်တော်တဲ့ အသင်း ဖြစ်ကာ ဒီကလန်ရိုက်စ်အနေနဲ့ ဝက်စ်ဟမ်းကို အချိန်မီ စွန့်ခွာပြီး မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့သင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Mirror

ပေါလ်မာဆန်က – “ဒီကလန်ရိုက်စ်က သူ့ရဲ့ အကောင်းဆုံး ခြေစွမ်းတွေကို ပိုင်ဆိုင်ထားချိန်မှာပဲ ဝက်စ်ဟမ်း ကနေ ထွက်ခွာဖို့ လုပ်ဆောင်သင့်ပါတယ်။ သူက ဒီရာသီမှာ အတော်လေးကို တိုးတက်လာသလို သူ့ရဲ့ ကစားပုံက ကန်တီနဲ့တောင် ဆင်လာပါပြီ။ တကယ်လို့ သူကသာ ဝက်စ်ဟမ်းမှာ နောက်ထပ် တရာသီ ဆက်ကစားပေးခဲ့ရင် ဒါက ကျွန်တော့်ကို တော်တော် အံ့အားသင့်သွားစေမှာပါ။ ဘာကြောင့်လဲ ဆိုတော့ ဝက်စ်ဟမ်းဟာ သူ့အပေါ်က အသင်းတွေကို ဒီထက်ပိုပြီး ဖိအားပေးနိုင်စွမ်း မရှိတော့လို့ပါ။ သူ ဘယ်အသင်းကို သွားသင့်လဲလို့ မေးလာရင်တော့ ဒါက ချယ်လ်ဆီးရဲ့ အခြေအနေ အပေါ် မူတည်လိမ့်မယ်လို့ပဲ ပြောချင်ပါတယ်။ တကယ်လို့ ချယ်လ်ဆီးကသာ သူ့ကို မခေါ်ခဲ့ရင် မန်ချက်စတာ ယူနိုက်တက်က သူ့အတွက် အသင့်တော်ဆုံး အသင်းပါ။ ဒါပေမယ့် မန်ချက်စတာ ယူနိုက်တက်အနေနဲ့ ဒီကလန်ရိုက်စ်ကို ခေါ်ချင်ရင် အရင်ဆုံး ချန်ပီယံလိဂ်ဝင်ခွင့် ရအောင် ယူဖို့ လိုပါလိမ့်မယ်” ဆိုပြီး အကြံပေး တိုက်တွန်းသွားခဲ့တာပါ။