ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ် မာဆန်ကတော့ အသင်းဟောင်း အာဆင်နယ်ရဲ့ လူငယ်တိုက်စစ်မှူး အန်ခီးတီးယားကို စာချုပ်သစ် ချုပ်ဆိုဖို့ ဆုံးဖြတ်ခဲ့မှုအား ပြင်းပြင်းထန်ထန် ဝေဖန်သွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး အန်ခီးတီးယားက အာဆင်နယ်ရဲ့ လူငယ် အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ တိုက်စစ်မှူး တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံ ၂၈ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၀ဂိုး သွင်းယူနိုင်ခဲ့ပြီး ဂိုးဖန်တီးမှု ၁ကြိမ် ပြုလုပ်နိုင်ခဲ့ပါတယ်။

Photo Credit: Guardian

ဒါကြောင့်ပဲ အာဆင်နယ်က အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မယ့် အန်ခီးတီးယားကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့သလို အသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူးတွေ ဖြစ်ကြတဲ့ အွန်နရီနဲ့ အူဘာမီယန်းတို့ ဝတ်ဆင်ခဲ့တဲ့ ကျောနံပါတ် ၁၄ကိုပါ ဝတ်ဆင်ခွင့် ပေးခဲ့ပါတယ်။

အန်ခီးတီးယားက ပြီးခဲ့တဲ့ ဘောလုံးရာသီ ကုန်ဆုံးခါနီးမှာ အာဆင်နယ်နဲ့ တောက်ပခဲ့ပေမယ့် သူ့ရဲ့ ခြေစွမ်းပိုင်း တည်ငြိမ်မှု အားနည်းချက်ကြောင့် အာဆင်နယ် ပရိသတ်အများစုက အသင်းရဲ့ ဂန္တဝင် ကျောနံပါတ် ၁၄အား အန်ခီးတီးယားထံ ပေးခဲ့မှုကို မကျေနပ်ကြသလို အာဆင်နယ် ဂန္တဝင် နောက်ခံလူ ပေါလ် မာဆန်ကလည်း အန်ခီးတီးယားဟာ ဖူလ်ဟမ်လို အသင်းမှာတောင် ပုံမှန် ကစားခွင့် ရဖို့ မသေချာတဲ့ ကစားသမားမျိုး ဖြစ်တာကြောင့် အာဆင်နယ်ရဲ့ အန်ခီးတီးယားကို စာချုပ်သစ် ချုပ်ဆိုမှုက အတော်လေး မှားယွင်းကြောင်း ဝေဖန်သွားခဲ့ပါတယ်။

 

Photo Credit: Guardian

မာဆန်က – “လက်ရှိ အာဆင်နယ်ရဲ့ တိုက်စစ်ပိုင်းမှာ အသင်းကို ဦးဆောင်မယ့် ကစားသမားက အန်ခီးတီးယား တယောက်ပဲ ရှိနေပါတယ်။ သူက အသင်းကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပြီးမှ စာချုပ်သစ် ချုပ်ဆိုထားတဲ့ တိုက်စစ်မှူးလည်း ဖြစ်ပါတယ်။ ကျွန်တော်က အန်ခီးတီးယားကို မလေးစားတာမျိုး မဟုတ်ပေမယ့် အာတီတာအနေနဲ့ အန်ခီးတီးယားဟာ အာဆင်နယ်ကို ထိပ်သီး ၄သင်း စာရင်းထဲ ဝင်အောင် လုပ်ပေးနိုင်မယ့် တိုက်စစ်မှူးမျိုး မဟုတ်တာကို သိသင့်ပါတယ်။ အန်ခီးတီးယားက ချန်ပီယံရှစ်ပြိုင်ပွဲဝင် အသင်းတွေမှာပဲ နေရာကောင်းကောင်း ရနိုင်တဲ့သူပါ။ တကယ်လို့ အဲဗာတန်သာ တန်းဆင်းဖြစ်ခဲ့ရင် သူက အဲဗာတန်မှာတောင် နေရာရဖို့ မလွယ်ပါဘူး။ ကုန်ကုန်ပြောရရင် ဖူလ်ဟမ်ကို ရောက်သွားရင်တောင် သူက မီထရိုဗစ်ကို ကျော်ပြီး ပွဲထွက်ခွင့် မရနိုင်ပါဘူး။ ဒါကြောင့် ကျွန်တော်သာဆိုရင် သူ့ကို စာချုပ်သစ် မချုပ်ပါဘူး” လို့ ဝေဖန် ထောက်ပြသွားခဲ့တာပါ။