ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိအချိန်မှာ နာမည်ကျော် ဘောလုံးရေးရာ ဝေဖန် သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆင် ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှား တယောက် ရာထူးကနေ ထုတ်ပယ်ခံရတာဟာ အသင်းရဲ့ ကြယ်ပွင့် ကစားသမား ဖြစ်သူ ရိုနယ်ဒိုကြောင့် ဖြစ်ကြောင်း ဝေဖန်လိုက်ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အိုလေဂန်နာ ဆိုးလ်ရှားရဲ့ လက်အောက်မှာ ဖြေးဖြေးနဲ့ မှန်မှန် တိုးတက်လာတဲ့ အသင်းတသင်း ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဆုဖလား အောင်မြင်မှုတွေ မရခဲ့ပေမယ့် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အဆင့်၂နေရာကို ရခဲ့သလို ယူရိုပါလိဂ်ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲအဆင့် အထိ တက်လှမ်းနိုင်ခဲ့ပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ရိုနယ်ဒို ၊ ဆန်ချိုနဲ့ ဗာရန်းတို့လို ကမ္ဘာ့အဆင့် ကစားသမားတွေကို ခေါ်ယူနိုင်ခဲ့ပြီးနောက် ဆိုးလ်ရှားရဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ အောင်မြင်မှုတွေ ရယူနိုင်လိမ့်မယ်လို့ ထင်ကြေးပေးခံခဲ့ရပေမယ့် တကယ်တမ်းမှာတော့ လိုချင်တဲ့ ရလဒ်တွေ မရခဲ့တာကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဘုတ်အဖွဲ့က ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခဲ့ပါတယ်။

လက်ရှိအချိန်မှာတော့ ဆိုးလ်ရှား တယောက် မန်ချက်စတာ ယူနိုက်တက်အသင်း ကနေ ထုတ်ပယ်ခံရတဲ့ အပေါ် သုံးသပ်မှုတွေ အများအပြား ထွက်ပေါ်နေပြီး မာဆင်ကတော့ နွေရာသီ အပြောင်းအရွှေ့မှာ မထင်မှတ်ပဲ မန်ချက်စတာ ယူနိုက်တက်အသင်းဆီ ပြန်လည် ရောက်ရှိလာတဲ့ ရိုနယ်ဒိုကြောင့်သာ ဆိုးလ်ရှား တယောက် ရာထူးကနေ နုတ်ထွက်ခဲ့ရတာ ဖြစ်ကြောင်း သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Express

ပေါလ်မာဆင်က – “ကျွန်တော်ကတော့ ဆိုးလ်ရှား အတွက် စိတ်မကောင်းပါဘူး။ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အဆင့်၂နဲ့ ရာသီသိမ်းနိုင်ပြီးနောက် သူ့ဆီမှာ ဒီရာသီနဲ့ ပတ်သတ်ပြီး အစီအစဉ်တွေ ရှိခဲ့ပါတယ်။ သူက ဂျေဒန် ဆန်ချိုကို ခေါ်ယူနိုင်ဖို့ အကြာကြီး ကြိုးစားခဲ့ပြီး ဒီနွေမှာတော့ သူ့ကို ရခဲ့ပါတယ်။ ပြီးတော့ သူက ကာဗာနီကို သက်တမ်း ၁နှစ် တိုးလိုက်တယ်။ ဒီအထိက သူ့ရဲ့ အစီအစဉ်တွေပါ။ ဒါပေမယ့် ရာသီအစပိုင်းမှာပဲ သူ့ဆီကို ရိုနယ်ဒို ရောက်လာတယ်။ ကျွန်တော်ကတော့ ရိုနယ်ဒို ရောက်လာတာက သူတို့အသင်းရဲ့ နွေရာသီ အစီအစဉ် တခုလုံးကို ဖျက်ဆီးခဲ့တယ်လို့ပဲ မြင်ပါတယ်။ ရိုနယ်ဒို ရောက်လာတဲ့နေ့ ကနေ စပြီး သူတို့အသင်းက အရင်ထက် ပိုကောင်းတဲ့ အသင်းတသင်း မဖြစ်လာပါဘူး။ ခင်ဗျားမှာ တိကျ သေသပ်တဲ့ ကစားကွက် မရှိပဲနဲ့ အဝေးကွင်းမှာ ၂၉ပွဲဆက်တိုက် ရှုံးပွဲမရှိဖို့ ဆိုတာ မဖြစ်နိုင်ပါဘူး။ ပြီးတော့ ဆန်ချိုကို ခေါ်လိုက်တဲ့ အတွက် သူတို့ဆီမှာ နောက်ထပ် ကစားကွက် တခု ပုံဖော်နိုင်စွမ်း ရှိသွားပါတယ်။ ဒါပေမယ့် ရိုနယ်ဒို ရောက်လာပြီးနောက် သူတို့အသင်းက ကောင်တာ ကစားကွက်ကို ပုံဖော်နိုင်စွမ်း မရှိတော့ပါဘူး။ ဒီကိစ္စတွေကပဲ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ခံရတဲ့ အထိ ဖြစ်စေခဲ့တာပါ” လို့ ဝေဖန် သုံးသပ်သွားခဲ့တာပါ။