ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် မာဆန်က လတ်တလောမှာ ပရီးမီးယားလိဂ်ရဲ့ အမှတ်ပေးဇယားကို ဦးဆောင်ထားနိုင်တဲ့ လီဗာပူးဟာ ချန်ပီယံ ဖြစ်မယ့် အသင်းမျိုး မဟုတ်ပဲ မကြာခင်မှာ ချန်ပီယံပြေးလမ်းကြောင်းထဲ ကနေ ဖယ်ထုတ်ခံရလိမ့်မယ်လို့ ဟောကိန်းထုတ်သွားခဲ့ပါတယ်။

ယာဂင် ကလော့ပ် ဦးဆောင်နေတဲ့ လီဗာပူးက ဒီရာသီမှာ ရလဒ်တွေ တောက်လျှောက် ကောင်းမွန်နေပြီး ပရီးမီးယားလိဂ် ပွဲစဉ်(၂၁) အပြီးမှာ ရမှတ် ၄၈မှတ် အထိ စုဆောင်းထားနိုင်သလို နောက်ဆုံး ကစားခဲ့တဲ့ ပရီးမီးယားလိဂ် ၁၅ပွဲဆက် ရှုံးပွဲ မရှိသေးပါဘူး။

Photo Credit: Standard

ဒါကြောင့်ပဲ လီဗာပူးက ပွဲစဉ်(၂၁) အပြီးမှာ ဒုတိယနေရာမှာ ရှိနေတဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးနဲ့ အဆင့်(၃)နေရာမှာ ရှိနေတဲ့ အာဆင်နယ်တို့ကို ရမှတ် ၅မှတ်စီ ဖြတ်တောက်ထားနိုင်ပါတယ်။ (မန်ချက်စတာ စီးတီးကတော့ ပွဲကျန် ၁ပွဲ ကစားရဖို့ ကျန်နေပါသေးတယ်)

လက်ရှိအခြေအနေအရ ယာဂင် ကလော့ပ်ရဲ့ အသင်းက ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အအောင်မြင်ဆုံးအသင်း ဆိုတဲ့ ဂုဏ်ပုဒ်ကို ရယူနိုင်ဖို့ နီးစပ်နေပေမယ့် အာဆင်နယ်ရဲ့ ကစားသမားဟောင်း ဖြစ်သူ ပေါလ် မာဆန်ကတော့ လီဗာပူးဟာ ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ကို ၂ပွဲဆက် ရင်ဆိုင်ရမယ့် အပတ်မှာ ဒုက္ခလှလှ တွေ့လိမ့်မယ်လို့ ဆိုလာပါတယ်။

Photo Credit: Tribuna

ပေါလ် မာဆန်က – “လီဗာပူးရဲ့ ချန်ပီယံမျှော်လင့်ချက်တွေက တပတ်ထဲနဲ့ ပြီးသွားနိုင်ပါတယ်။ သူတို့က ချယ်လ်ဆီးကို အိမ်ကွင်းမှာ ဧည့်ခံ ကစားရမယ်။ အဲ့ဒီပွဲမှာ ချယ်လ်ဆီးက လီဗာပူးကို ဒုက္ခပေးနိုင်ပါတယ်။ ပြီးရင် သူတို့က အာဆင်နယ်ကို အဝေးကွင်းမှာ သွားကစားရမယ်။ အဲ့ဒီနှစ်ပွဲကြောင့် ခင်ဗျားတို့ မသိလိုက်ခင်မှာပဲ လီဗာပူးရဲ့ ချန်ပီယံမျှော်လင့်ချက်တွေ ရေစုန်မျောသွားပါလိမ့်မယ်” လို့ ခိုင်ခိုင်မာမာ ပြောဆိုသွားခဲ့တာပါ။

လီဗာပူးနဲ့ ချယ်လ်ဆီးတို့ရဲ့ ပွဲစဉ်က ဖေဖော်ဝါရီလ ၁ရက်နေ့မှာ ယှဉ်ပြိုင် ကစားကြမှာ ဖြစ်ပြီး အာဆင်နယ်နဲ့ လီဗာပူးတို့ရဲ့ ပွဲစဉ်က ဖေဖော်ဝါရီလ ၄ရက်နေ့မှာ ကစားဖို့ စီစဉ်ထားတာကြောင့် မာဆန်ရဲ့ သုံးသပ်ချက်တွေ မှန်မလား ဆိုတာ မကြာခင် သိရတော့မှာပဲ ဖြစ်ပါတယ်။