ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် နောက်ခံလူ တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင်တဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန်ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရတဲ့ လီဗာပူး ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်ကို ရင်ဆိုင်ရမှာ ကြောက်တဲ့ တိုက်စစ်မှူးတွေ မရှိတော့ဘူးလို့ သုံးသပ် ပြောကြားသွားခဲ့ပါတယ်။

အသက် ၃၁နှစ် အရွယ် နယ်သာလန် အသင်းခေါင်းဆောင် ဗဟိုခံစစ်မှူး ဗာဂျယ် ဗန်ဒိုက်က ပြီးခဲ့တဲ့ ဘောလုံးရာသီတွေမှာ အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး ဗဟိုနောက်ခံလူ အဖြစ် သတ်မှတ်ခံခဲ့ရသူ ဖြစ်သလို အသင်းတိုင်းရဲ့ တိုက်စစ်မှူးတိုင်းဟာ သူနဲ့ ရင်ဆိုင် ကစားရတိုင်း ခြေစွမ်းပြဖို့ ရုန်းကန်ရလေ့ ရှိပါတယ်။

Photo Credit: Express

ဒါပေမယ့် ဗန်ဒိုက်က ယခုနှစ် ဘောလုံးရာသီမှာ သူ့ရဲ့ ပုံမှန် ခြေစွမ်းတရပ် ပြသနိုင်ဖို့ ရုန်းကန်နေရသလို သူ ဦးဆောင်နေတဲ့ လီဗာပူး ခံစစ်ကြောင်းကလည်း ပေးဂိုးတွေ များပြားနေပြီး လီဗာပူးဟာ ယခုနှစ် ဘောလုံးရာသီမှာ ပြိုင်ပွဲစုံ ၁၂ပွဲ ပါဝင် ကစားထားရာ ပေးဂိုး ၁၈ဂိုး အထိ ခွင့်ပြုထားရပါတယ်။

ဒါကြောင့်ပဲ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန်က ဗန်ဒိုက်ဟာ ယခင်ကလို ကမ္ဘာ့အကောင်းဆုံး ဗဟိုနောက်ခံလူ တဦး မဟုတ်တော့ကြောင်းနဲ့ သူ့ကို ရင်ဆိုင်ရမှာ ကြောက်တဲ့ ကစားသမားတွေလည်း မရှိတော့ဘူးလို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Express

ဗန်ဒိုက်ရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး မာဆန်က – “အခုချိန်မှာ ဘယ်သူကမှ ဗာဂျယ် ဗန်ဒိုက်နဲ့ ကစားရမှာကို မကြောက်တော့ပါဘူး။ ဗန်ဒိုက်ဟာ အရင်တုန်းက ပြိုင်ဘက်တွေ အတွက် အိမ်မက်ဆိုး တခုလို ၊ ကြောက်စရာကောင်းတဲ့ တည်ရှိမှု တခုလို ဖြစ်နေခဲ့တာပါ။ ဘယ်သူကမှလည်း သူ့ကို ကျော်ဖြတ်ဖို့ မတွေးရဲကြပါဘူး။ အရင်တုန်းကဆို တိုက်စစ်မှူးတွေက ဗန်ဒိုက်နဲ့ တွေ့ရင် လူပေးတာဖြစ်ဖြစ် ၊ ဖြတ်တင်ဘော လုပ်တာ ဖြစ်ဖြစ် အဲ့ဒါမျိုးတွေပဲ လုပ်ဖို့ စဉ်းစားကြပါတယ်။ ဒါပေမယ့် အခုတော့ အဲ့ဒီလို မဟုတ်တော့ပါဘူး” လို့ သုံးသပ်သွားခဲ့တာပဲ ဖြစ်ပါတယ်။