ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ်မာဆန် ကတော့ မနက်ဖြန်ညမှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ မန်ချက်စတာဒါဘီမှာ အိမ်ရှင် မန်ချက်စတာ စီးတီးက မန်ချက်စတာ ယူနိုက်တက်ကို ဂိုးပြတ် အနိုင်ရသွားလိမ့်မယ်လို့ သုံးသပ် ခန့်မှန်းသွားခဲ့ပါတယ်။

မန်ချက်စတာ စီးတီးနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ ယှဉ်ပြိုင် ကစားကြတဲ့ မန်ချက်စတာဒါဘီဟာ ၂၀၁၀ခုနှစ် နောက်ပိုင်းမှာ အင်္ဂလန်ရဲ့ ပြိုင်ဆိုင်မှု အပြင်းထန်ဆုံး ဒါဘီပွဲတွေထဲက တခု အဖြစ် သတ်မှတ်ခံထားရပြီး ယခုနှစ်မှာလည်း နှစ်သင်းစလုံး အတွက် မန်ချက်စတာဒါဘီမှာ ရမှတ် ၃မှတ် စုဆောင်းနိုင်ဖို့က အတော်လေး အရေးကြီးနေပါတယ်။

Photo Credit: Sky Sports

မန်ချက်စတာ စီးတီးဟာ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် လီဗာပူးနဲ့ အပြိုင်အဆိုင် ဖြစ်နေတာကြောင့် ဒီပွဲမှာ ရလဒ်ကောင်းဖို့ လိုအပ်နေသလို တဖက်မှာလည်း မန်ချက်စတာ ယူနိုက်တက်က ရာသီကုန်မှာ ချန်ပီယံလိဂ်ဝင်ခွင့် ရရှိဖို့ အတွက် ရမှတ်တွေကို တတ်နိုင်သလောက် စုဆောင်းနိုင်ဖို့ လိုအပ်နေပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ အိမ်ကွင်း အီတီဟတ်မှာ ယှဉ်ပြိုင် ကစားမယ့် မန်ချက်စတာဒါဘီဟာ ယခုအပတ်ရဲ့ အကောင်းဆုံး ပွဲတပွဲ ဖြစ်လာလိမ့်မယ်လို့ ပရိသတ်တွေက ထင်ကြေးပေးနေကြပေမယ့် နာမည်ကျော် ဘောလုံးရေးရာ သုံးသပ်ခန့်မှန်းသူ ပေါလ်မာဆန် ကတော့ မန်ချက်စတာဒါဘီမှာ အိမ်ရှင် မန်ချက်စတာ စီးတီးက ခပ်လွယ်လွယ်ပဲ ဂိုးပြတ်နိုင်ပွဲ တပွဲ ရသွားလိမ့်မယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

မာဆန်က – “မန်ချက်စတာ စီးတီးက ဒီပွဲကို ခပ်လွယ်လွယ်ပဲ နိုင်သွားပါလိမ့်မယ်။ ပြီးခဲ့တဲ့နှစ် ၊ ဆိုးလ်ရှား ကိုင်တွယ်နေတုန်းက မန်ချက်စတာ ယူနိုက်တက်ဟာ လျင်မြန်တဲ့ တန်ပြန် တိုက်စစ်ကြောင့် မန်ချက်စတာ စီးတီးကို ဒုက္ခပေးနိုင်ခဲ့တယ် ဆိုပေမယ့် ဒီနှစ်မှာတော့ သူတို့က အဲ့ဒီလိုမျိုး မလုပ်နိုင်တော့ပါဘူး။ ဘာကြောင့်လဲ ဆိုတော့ သူတို့ရဲ့ တိုက်စစ်မြှားဦးမှာ ရှိနေတဲ့ ရိုနယ်ဒိုက လျင်မြန်မှု မရှိလို့ပါ။ ဒါကြောင့် သူတို့က မန်ချက်စတာ စီးတီးကို တန်ပြန်တိုက်စစ် ကနေ ဒုက္ခပေးဖို့ မဖြစ်နိုင်ပါဘူး။ တကယ်လို့ မန်ချက်စတာ ယူနိုက်တက်က ဖွင့်ဆော့လာမယ် ဆိုရင်လည်း ဒီပွဲမှာ မန်ချက်စတာ စီးတီးကပဲ အနိုင်ရသွားပါလိမ့်မယ်။ မန်ချက်စတာ စီးတီးက ၃-၀ , ၄-၀လိုမျိုး ဂိုးပြတ်နိုင်ပွဲ တပွဲကိုတောင် ရသွားဦးမှာပါ။ ဒါကြောင့် ဒီပွဲမှာ မန်ချက်စတာ ယူနိုက်တက်ကပဲ အရာရာတိုင်း အတွက် စိတ်ပူနေရပါလိမ့်မယ်” လို့ သုံးသပ် သွားခဲ့တာပါ။