MySport Myanmar

လီဗာပူးလ်က ဆုဖလား ရယူနိုင်ခဲ့သလိုမျိုးကို အောင်ပွဲခံသွားခဲ့တယ်လို့ ပေါလ်မာဆန် မှတ်ချက်ပြု

အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်းလည်းဖြစ်သလို လက်ရှိမှာလည်း ဘောလုံးအားကစား သုံးသပ်သူအဖြစ်နဲ့ ဆောင်ရွှက်လျက် ရှိနေတဲ့ ပေါလ်မာဆန်က မနေ့ည အိမရိတ်စ်ကွင်းမှာ ယှဉ်ပြိုင်သွားခဲ့ရတဲ့ အာဆင်နယ်အသင်းနဲ့ လီဗာပူးလ်အသင်းတို့ရဲ့ ပရီးမီးယားလိဂ်ပွဲစဉ်မှာ ဧည့်သည်လီဗာပူးလ်က ဒုတိယပိုင်းအတွင်း သွင်းယူခဲ့တဲ့ ဂိုးတွေနဲ့ အဖိုးတန်နိုင်ပွဲတစ်ပွဲ ပိုင်ဆိုင်ခဲ့တာကြောင့် ဇယားထိပ်မှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းနဲ့ ရမှတ်ကွာဟချက် (၁)မှတ်လေးသာ ရှိတော့တဲ့ အနေအထားထိကို ရောက်ရှိသွားခဲ့ရပါတယ်။

Photo Credit : News Beezer

ပရီးမီးယားလိဂ် အမှတ်ပေးဇယားထိပ်မှာ ဦးဆောင်နေတဲ့ မန်စီးတီးအသင်းဟာ အာဆင်နယ်နဲ့လီဗာပူးလ်ပွဲ မတိုင်ခင် ခရစ္စတယ်ပဲလေ့စ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ပွဲစဉ်မှာ ဂိုးမရှိသရေ ရလဒ်သာ ထွက်ပေါ်ခဲ့တာကြောင့် လီဗာပူးလ်ကို အခွင့်အရေးပေးလိုက်သလို ဖြစ်ခဲ့ရပြီး လီဗာပူးလ်ကလည်း ဒီအခွင့်အရေးကို အကောင်းဆုံး အသုံးချကာ အာဆင်နယ်ကို အနိုင်ယူခဲ့တဲ့အတွက် အသင်းနှစ်သင်းကြား အမှတ်ကွာဟချက် အလွန်ကို ကျဉ်းမြောင်းသွားခဲ့ရတာ ဖြစ်ပါတယ်။ ဒီအခြေအနေပေါ်မှာ အောင်ပွဲခံခဲ့တဲ့ လီဗာပူးလ်အသင်းရဲ့ နိုင်ပွဲအတွက် အောင်ပွဲခံတဲ့ ပုံစံကို ပေါလ်မာဆန်က လိုတာထက် ပိုပြီးအောင်ပွဲခံနေတယ်လို့ မှတ်ချက်ပြုသွားခဲ့တာ ဖြစ်ပါတယ်။

Photo Credit : Sky Sports

ပေါလ်မာဆန်က “မန်စီးတီးအသင်း မင်းရဲ့အန္တရာယ်ကြီးက ဘာမှမပြောင်းလဲသွားသေးပါဘူး။ လီဗာပူးလ်အသင်းအနေနဲ့ ပွဲတိုင်းကို နိုင်ပွဲရယူဖို့ ရှိနေပါသေးတယ်။ စီးတီးက တစ်မှတ် အသာရထားနေပြီးတော့ လီဗာပူးလ်ကိုလည်း သူတို့ရဲ့အိမ်ကွင်းမှာ ကစားသွားရပါဦးမယ်။ တကယ်လို့များ မန်စီးတီးက လီဗာပူးလ်နဲ့ပွဲကို သရေကျခဲ့ပြီး ကျန်တဲ့ပွဲအားလုံးကို အနိုင်ရခဲ့မယ်ဆိုရင် သူတို့ အမှတ်ပေးချန်ပီယံဆုကို ပိုင်ဆိုင်နိုင်သွားမှာ။ ဒါကြောင့် ဒါက လီဗာပူးလ်လက်ထဲမှာ ရှိနေတဲ့အရာ မဟုတ်ပါဘူး။ ငါတို့တွေ အခုပြောနေတဲ့ မန်စီးတီးအသင်းဆိုတာက လွန်ခဲ့တဲ့ (၃) (၄)နှစ်အတွင်း နိုင်ပွဲတွေကို (၁၄)ပွဲဆက် ဒါမှမဟုတ် အကြိမ်ရေများစွာ ဆက်တိုက်ရယူထားနိုင်တဲ့ အသင်းမျိုးပါ။ ဒီညပွဲမှာ လီဗာပူးလ်အသင်းသားတွေက ဖလားရသွားသလိုကို အောင်ပွဲခံနေကြတယ်။ မန်စီးတီးကတော့ Selhurst Park မှာ ဂိုးမရှိသရေ ဖြစ်ခဲ့ရတယ်။ သူတို့မှာက အနိုင်ယူဖို့အတွက် လုံလောက်တဲ့ အခွင့်အရေးတွေ အများကြီးကို ပိုင်ဆိုင်ခဲ့တာ။ ဒါပေမယ့် သူတို့ ဂိုးတွေထပ်မသွင်းနိုင်တော့တဲ့ ပုံစံမျိုး ဖြစ်မနေပါဘူး” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ မန်စီးတီးနဲ့ လီဗာပူးလ်အသင်းတို့ဟာ လာမယ့် ဧပြီ(၁၀)ရက်နေ့မှာ ထိပ်တိုက်ရင်ဆိုင်ကြမှာဖြစ်ပြီး အဲ့ဒီပွဲက ဒီရာသီ အမှတ်ပေးချန်ပီယံဆုအတွက် အဆုံးအဖြတ်ပွဲ ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

Exit mobile version