MySport Myanmar

အင်္ဂလန်က ယူရို ၂၀၂၄ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်လိမ့်မယ်လို့ ပြောလာတဲ့ ပေါလ် မာဆန်

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အင်္ဂလန်တို့ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ အောင်မြင် ကျော်ကြားတဲ့ ဘောလုံးရေးရာ သုံးသပ်သူ ဖြစ်နေတဲ့ ပေါလ် မာဆန်က သူ့အနေနဲ့ အင်္ဂလန်အသင်းဟာ ယူရို ၂၀၂၄ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ မျှော်လင့်ထားကြောင်း ဖွင့်ဟ ပြောဆိုလာခဲ့ပါတယ်။

အသက် ၅၅နှစ် အရွယ် ပေါလ် မာဆန်ဟာ ကစားသမားဘဝမှာတုန်းက ညာတောင်ပံမှာ အဓိက ကစားခဲ့တဲ့ တောင်ပံတိုက်စစ် ကစားသမား ဖြစ်ပြီး သူက အာဆင်နယ်နဲ့အတူ ပရီးမီးယားလိဂ်ဖလား ၂ကြိမ် ၊ ယူရိုပါ ပိုကယ်ဖလား ၁ကြိမ် (ဥရောပဖလား) ၊ အက်ဖ်အေဖလား ၁ကြိမ် ၊ ကားလင်းဖလား ၁ကြိမ်နဲ့ ကွန်မြူနတီဒိုင်း ၁ကြိမ်တို့ကို ဆွတ်ခူး ရယူနိုင်ခဲ့ပါတယ်။

Photo Credit: Sky Sports

ပေါလ် မာဆန်က အာဆင်နယ်ရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား ဖြစ်ခဲ့တာကြောင့် အင်္ဂလန်အတွက် နှစ်အတန်ကြာအောင် ကစားပေးခွင့် ရခဲ့ပြီး သူက အင်္ဂလန်အတွက် ၂၁ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၃ဂိုး အထိ သွင်းယူနိုင်ခဲ့ပါတယ်။

မာဆန်က သူ့မျိုးဆက်ရဲ့ အကောင်းဆုံး တောင်ပံတိုက်စစ် ကစားသမားတွေထဲမှာ ပါဝင်ခဲ့ပေမယ့် အင်္ဂလန်နဲ့အတူ ဆုဖလား အောင်မြင်မှုတွေ မရခဲ့သလို ဘောလုံးဘိုးအေကြီး အဖြစ် တင်စားခံထားရတဲ့ အင်္ဂလန်က ၁၉၆၆ ကမ္ဘာ့ဖလားပြိုင်ပွဲ ပြီးကတည်းက နောက်ထပ် နိုင်ငံတကာ ဆုဖလားတွေကို ထပ်မံ ရယူနိုင်ခဲ့ခြင်း မရှိပါဘူး။

လက်ရှိမှာတော့ အင်္ဂလန်က ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ ထွန်းတောက်လာမှုနဲ့အတူ ကမ္ဘာ့အဆင့် ကစားသမား အများအပြားကို ပိုင်ဆိုင်ထားပြီး ဆောက်ဂိတ် ဦးဆောင်နေတဲ့ အင်္ဂလန်က ယူရို ၂၀၂၀ပြိုင်ပွဲမှာလည်း ဗိုလ်လုပွဲ အထိ ရောက်ခဲ့ကာ ကံတရားအနည်းငယ် နိမ့်ပါးခဲ့လို့သာ အင်္ဂလန်ဟာ အီတလီကို ပင်နယ်တီ အဆုံးအဖြတ်နဲ့ အရေးနိမ့်ခဲ့တာပါ။

Photo Credit: Sky Sports

ကမ္ဘာ့အဆင့် ကစားသမား အများအပြား ပိုင်ဆိုင်ထားမှုကြောင့် အင်္ဂလန်က ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကျင်းပမယ့် ယူရို ၂၀၂၄ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ အတွက် ရေပန်းအစားဆုံး အသင်းတွေထဲမှာ ပါဝင်နေပြီး ပေါလ် မာဆန်ကတော့ အင်္ဂလန်ဟာ ယူရို ၂၀၂၄ပြိုင်ပွဲမှာ ချန်ပီယံ ဖြစ်မယ်လို့ ယုံကြည်နေကြောင်း ဆိုလာပါတယ်။

ပေါလ် မာဆန်က – “ကျွန်တော်က ဘာကြောင့် အင်္ဂလန်ဟာ ယူရို ၂၀၂၄ပြိုင်ပွဲရဲ့ ချန်ပီယံ မဖြစ်နိုင်တာလဲ ဆိုတဲ့ မေးခွန်းရဲ့ အဖြေကို လိုက်ရှာခဲ့ပေမယ့် အခုချိန်အထိ မတွေ့သေးပါဘူး။ ကျွန်တော်က ဆောက်ဂိတ်ကို ဖိအားမပေးချင်ပါဘူး။ ဒါပေမယ့် တကယ်လို့ ကျွန်တော်တို့ကသာ ယူရို ၂၀၂၄ပြိုင်ပွဲမှာ ဗိုလ်မစွဲခဲ့ရင် ဒါက ကျွန်တော်တို့ အတွက် ကျရှုံးမှု တခု ဖြစ်လာပါလိမ့်မယ်။ ပြင်သစ်လို အင်အားကြီးအသင်းမှာတောင် အင်္ဂလန်ရဲ့ လက်ရှိ လူစာရင်းထဲ ဝင်ရောက်နိုင်တဲ့ ကစားသမားက ၂ဦးထဲပဲ ရှိပါတယ်” လို့ ပြောကြားလာခဲ့တာပဲ ဖြစ်ပါတယ်။

Exit mobile version