ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်နဲ့ အင်္ဂလန်ရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် မာဆန်ကတော့ အင်္ဂလန်နည်းပြ ဆောက်ဂိတ်ရဲ့ ချယ်လ်ဆီး ညာနောက်ခံလူ ရစ်စီဂျိမ်းစ်ကို ကမ္ဘာ့ဖလားပြိုင်ပွဲဝင် လူစာရင်း ကနေ ချန်လှပ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့သလို ရစ်စီဂျိမ်းစ် မပါတဲ့ အင်္ဂလန်က ကမ္ဘာ့ဖလားကို ရမှာ မဟုတ်ဘူးလို့လည်း ပြောကြားလိုက်ပါတယ်။

အင်္ဂလန် နည်းပြချုပ် ဆောက်ဂိတ်က ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်မယ့် အင်္ဂလန်အသင်းရဲ့ လူစာရင်းကို ထုတ်ပြန် ကြေညာခဲ့ရာမှာ အဓိက ကစားသမား အစုံအလင်ကို ရွေးချယ်ခဲ့ပေမယ့် ဒူးဒဏ်ရာကြောင့် အနားယူနေရတဲ့ ရစ်စီဂျိမ်းစ်ကို လူစာရင်းထဲ ကနေ ချန်လှပ်ခဲ့ပြီး သူ့အစား နယူးကာဆယ် ညာနောက်ခံလူ ထရစ်ပီယာ ၊ မန်ချက်စတာ စီးတီး ညာနောက်ခံလူ ဝေါ်ကာနဲ့ လီဗာပူး ညာနောက်ခံလူ အာနိုးလ်တို့ကို ရွေးချယ်ခဲ့ပါတယ်။

Photo Credit: Football London

ဆောက်ဂိတ်ရဲ့ ညာနောက်ခံနေရာ အတွက် ရွေးချယ်မှုနဲ့ ပတ်သတ်ပြီး ဝေဖန်မှုတွေ များများစားစား မရှိခဲ့ပေမယ့် ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ ပေါလ် မာဆန်ကတော့ ဆောက်ဂိတ်ဟာ ရစ်စီဂျိမ်းစ်ကို ဒဏ်ရာပြဿနာကြောင့် ချန်လှပ်ခဲ့တာမျိုး မဟုတ်ပဲ ပုဂ္ဂိုလ်ရေးအစွဲနဲ့ ချန်လှပ်ခဲ့တာလို့ စွပ်စွဲခဲ့သလို အကယ်၍ ဟယ်ရီကိန်းသာ ရစ်စီဂျိမ်းစ်လိုမျိုး ဒဏ်ရာ ရနေခဲ့ရင် ဆောက်ဂိတ်က ဟယ်ရီကိန်းကို ရွေးသွားလိမ့်မယ်လို့လည်း ဥပမာပေး ပြောဆိုသွားခဲ့ပါတယ်။

Photo Credit: Football London

ပေါလ် မာဆန်က – “တကယ်လို့ ဟယ်ရီကိန်းကသာ ရစ်စီဂျိမ်းစ်လို အနေအထားမျိုးမှာ ဆိုရင် ဆောက်ဂိတ်က ဟယ်ရီကိန်းကို ရွေးသွားပါလိမ့်မယ်။ ဒီတော့ ဟယ်ရီကိန်းနဲ့ ရစ်စီဂျိမ်းစ်တို့ ကြားထဲက ခြားနားမှုက ဘာလဲ။ ကျွန်တော်တို့ အင်္ဂလန်က ရစ်စီဂျိမ်းစ် မပါတာကြောင့် ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗိုလ်စွဲနိုင်မှာ မဟုတ်ပါဘူး။ ရစ်စီဂျိမ်းစ်က ဒီရာသီမှာ အမြင့်ပျံ ခြေစွမ်းကို ပိုင်ဆိုင်ထားတာပါ။ တကယ်လို့ သူသာ ရှိနေမယ် ဆိုရင် သူက အင်္ဂလန်အတွက် ပွဲတိုင်းကို ကစားပေးရပါလိမ့်မယ်။ သူက ကျွန်တော်တို့ရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်ပါ။ တကယ်လို့ ဟယ်ရီကိန်းသာ သူ့နေရာမှာ ဆိုရင် ဆောက်ဂိတ်က ငါတို့ ကိန်းကို ခေါ်သွားမယ်။ သူ့ကို အုပ်စုပွဲတွေ ပြီးမှ သုံးမယ် ဆိုပြီး ပြောနေပါလိမ့်မယ်။ ကျွန်တော်တို့က ကိုယ့်အသင်းရဲ့ အကောင်းဆုံး ကစားသမားတွေထဲက တယောက်ကို ကာကွယ်ပေးဖို့ ပျက်ကွက်နေတာပါ။ ရစ်စီဂျိမ်းစ်က ဟယ်ရီကိန်းနည်းတူ အင်္ဂလန်ရဲ့ အရေးကြီး ကစားသမားပါ” လို့ ဆောက်ဂိတ်ကို ဝေဖန်သွားခဲ့တာပါ။

ရစ်စီဂျိမ်းစ်ကလည်း အင်္ဂလန် အတွက် ရွေးချယ်မခံရလို့ အတော်လေးကို စိတ်ပျက်နေသလို ဆောက်ဂိတ်ကို ဝေဖန်ကာ သူ့ကို ကာကွယ်ပေးခဲ့တဲ့ ပေါလ် မာဆန်ရဲ့ စကားတွေကို တဆင့် ဖော်ပြထားတဲ့ Tweetကိုလည်း တွစ်တာပေါ်မှာ Love ပေးခဲ့ပြီး ရစ်စီဂျိမ်းစ်ရဲ့ အပြုအမူကြောင့်ပဲ ဆောက်ဂိတ်နဲ့ ရစ်စီဂျိမ်းစ်တို့ရဲ့ ကြားမှာ ပြဿနာတွေ ရှိနေနိုင်တယ်လို့ အင်္ဂလန်ပရိသတ်တွေက မှတ်ချက်ပေးထားကြပါတယ်။