ပရီးမီးယားလိဂ်ရဲ့ နာမည်ကြီးအသင်း ဖြစ်တဲ့ အာဆင်နယ်အသင်းရဲ့ ကစားသမားဟောင်း တစ်ဦးလည်း ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူအဖြစ် လုပ်ကိုင် နေတဲ့ ပေါလ်မာဆင်ကတော့ သူ့ရဲ့ အသင်းဟောင်း အာဆင်နယ်အသင်းဟာ နောက်ခံလူ ဒေးဗစ်လူးဝစ်ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းထားသင့်တယ်လို့ အကြံပေးစကား ပြောကြားသွားခဲ့ပါတယ်။ အသက်၃၃နှစ်အရွယ် ဘရာဇီးလ် နောက်ခံလူ ဒေးဗစ်လူးဝစ်ဟာ လက်ရှိ ဘောလုံးရာသီမှာ ခြေစွမ်းတည်ငြိမ်မှု မရှိတဲ့ ကစားသမားတွေထဲက တစ်ဦးဖြစ်ပြီး လောလောလတ်လတ် ကစားခဲ့တဲ့ မန်စီးတီး အသင်းနဲ့ အာဆင်နယ်အသင်းတို့ရဲ့ ပွဲစဉ်မှာ အတော်လေး ခြေစွမ်းဆိုးရွားခဲ့တာကြောင့် အသင်းပရိသတ်တွေရဲ့ ငြိုငြင်မှုကို ခံနေရတဲ့သူ တစ်ဦးပါ။

Photo Credit: Express

မန်စီးတီးအသင်းက အာဆင်နယ်အသင်းကို သုံးဂိုး ဂိုးမရှိဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့တဲ့ပွဲမှာ ဒေးဗစ်လူးဝစ်ဟာ အတော်လေးကို ခြေစွမ်း ဆိုးရွားခဲ့ပြီး သူ့ရဲ့ အမှားနှစ်ခုကနေ မန်စီးတီး အသင်းဟာ ဦးဆောင်ဂိုး နှစ်ဂိုးကို သွင်းယူနိုင်ခဲ့သလို သူဟာလည်း မန်စီးတီးတောင်ပံ ကစားသမား မာရက်ဇ်ကို ဂိုးဧရိယာထဲမှာ ဆွဲလှဲခဲ့တာကြောင့် အနီကတ် ထိခဲ့ပါတယ်။ ဒေးဗစ်လူးဝစ် ဟာ ယခုလ ၃၀ရက်နေ့မှာ ဆိုရင်တော့ အသင်းနဲ့အတူ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ကစားသမားတစ်ဦး ဖြစ်ပြီး သူ့ရဲ့ မန်စီးတီးအသင်းနဲ့ ပွဲစဉ်မှာ ပြသခဲ့တဲ့ ခြေစွမ်းကြောင့် ပရိသတ်တွေက ဒေးဗစ်လူးဝစ်ကို စာချုပ်သစ် မချုပ်ဆိုဖို့ အသင်းကို တိုက်တွန်းနေပေမယ့် အာဆင်နယ် အသင်းကတော့ ဒေးဗစ်လူးဝစ်ကို အသင်းမှာ ဆက်ရှိနေစေဖို့ ကြိုးစားနေဆဲပါ လို့ နည်းပြ ဖြစ်သူ အာတီတာက ဖွင့်ဟ ပြောကြားထားခဲ့ပါတယ်။

Photo Credit: Express

ပေါလ်မာဆင်ကတော့ အာဆင်နယ်အသင်း အနေနဲ့ ဒေးဗစ်လူးဝစ်လို ဝါရင့်ခံစစ်မှူး တစ်ဦး ကို အသင်းမှာ ဆက်ထိန်းထားသင့်ကြောင်းနဲ့ လစာငွေကိုလည်း အနည်းအကျဉ်းသာ ပေးချေသွားပါလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။ ဒေးဗစ်လူးဝစ်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး မာဆင်က ” ဒေးဗစ်လူးဝစ်ဟာ မန်စီးတီး အသင်းနဲ့ပွဲစဉ်မှာ ပရိသတ်တွေ ကွင်းထဲမှာ မရှိတာကြောင့် အတော်လေး တုန်လှုပ်သွားခဲ့တဲ့ ပုံစံပါပဲ။ ဒါပေမယ့် တကယ်လို့ သူ့ဘက်ကသာ များပြားတဲ့ လစာငွေကို တောင်းဆိုခြင်း မရှိရင် အာဆင်နယ်အသင်းဟာ သူ့ကို အသင်းမှာ ဆက်လက် ထိန်းသိမ်းသွားသင့်ပါတယ်။ သူ့ရဲ့ စာချုပ်သက်တမ်းက ကုန်နေပါပြီ။ တကယ်လို့ သူသာ အသင်းမှာ နောက်ထပ် စာချုပ်သစ် တစ်ခု ရရှိရင် ကျွန်တော်က တော်တော်လေးကို အံ့အားသင့်မိမှာပါ။ ဒါပေမယ့် သူသာ လစာငွေ အများကြီး မတောင်းဆိုဘူးဆိုရင် အသင်းကလဲ ငွေကြေးအများအပြားကို ကုန်ကျစရာ မလိုပါဘူး။ ဒါဆိုရင်တော့ သူ့ကို အသင်းမှာ ဆက်ပြီး ထိန်းသိမ်းထားသင့်ပါတယ်။ ဒါပေမယ့် သူက အသင်းမှာ ဆက်ရှိနေမလား ၊ မရှိဘူးလားဆိုတာက သူ့ရဲ့ တောင်းဆိုမှုအပေါ်မှာပဲ မူတည် နေမှာ အသေအချာပါပဲ။ တကယ်လို့ သူသာ တစ်ပတ်လုပ်ခ ပေါင်၁သိန်း လိုချင်နေရင်တော့ သူ့ကို အသင်းကနေ ထွက်ခွာသွားခိုင်းလိုက်ပါ ” လို့ ပြောပြသွားခဲ့ပါတယ်။