ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ် မာဆန်က သူ့ရဲ့ အသင်းဟောင်းဟာ ဒူးဒဏ်ရာကြောင့် ကာလရှည် နားရတော့မယ့် အဓိက တိုက်စစ်မှူး ဂျေဇူးရဲ့ နေရာအတွက် အစားထိုး တိုက်စစ်မှူး မခေါ်နိုင်ရင် ရာသီကုန်တဲ့ အခါ အဆင့်၄ အတွင်းတောင် ဝင်မှာ မဟုတ်ဘူးလို့ သုံးသပ်သွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး ဂါဘရီရယ် ဂျေဇူးက ယခုနှစ် ဘောလုံးရာသီ အစကမှ ပရီးမီးယားလိဂ် ချန်ပီယံ မန်ချက်စတာ စီးတီး ကနေ အာဆင်နယ်ဆီ ပြောင်းရွှေ့လာခဲ့သူ ဖြစ်ပြီး သူဟာ အာဆင်နယ် အတွက် ပြိုင်ပွဲစုံမှာ ၂၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၇ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။

Photo Credit: Team Talk

ဂျေဇူးက မန်ချက်စတာ စီးတီး ကနေ အာဆင်နယ်ဆီ ရောက်ရှိလာပြီးနောက် ချက်ချင်းဆိုသလို အသင်းနဲ့ အထိုင်ကျခဲ့သလို အသင်းဖော်တွေ ဖြစ်တဲ့ ချာကာ ၊ ဆာကာနဲ့ မာတီနယ်လီတို့ကို ခြေစွမ်းတွေ တက်လာအောင် ကူညီပေးထားနိုင်ပြီး အာဆင်နယ်ရဲ့ အဓိက တိုက်စစ်မှူးလို့ ပြောရင်လည်း မှားမယ် မထင်ပါဘူး။

ကံမကောင်းစွာနဲ့ပဲ ဂျေဇူးဟာ ကမ္ဘာ့ဖလားပြိုင်ပွဲဝင် ဘရာဇီးလ် အတွက် ကစားပေးနေရင်း ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး သူ့ရဲ့ ဒူးဒဏ်ရာကို ခွဲစိတ်ရဖို့ ရှိနေတာကြောင့် အနိမ့်ဆုံး ၃လ ကနေ အများဆုံး ၄လ ဝန်းကျင် အထိ အနားယူရမှာ ဖြစ်ကာ ဂျေဇူးရဲ့ ဒဏ်ရာပြဿနာဟာ အာဆင်နယ် အတွက် အိမ်မက်ဆိုး တခုလိုပါပဲ။

Photo Credit: Team Talk

ဒါကြောင့်လည်း အာဆင်နယ်ရဲ့ ဂန္တဝင် ကစားသမားဟောင်း တဦး ဖြစ်သူ ပေါလ် မာဆန်က သူ့ရဲ့ အသင်းဟောင်းဟာ ဒဏ်ရာရသွားတဲ့ ဂျေဇူးရဲ့ နေရာကို အစားဝင်နိုင်မယ့် ထိပ်တန်း တိုက်စစ်မှူး တဦးကို မဖြစ်မနေ ခေါ်ယူရန် လိုအပ်ကြောင်းနဲ့ အကယ်၍ အာဆင်နယ်ကသာ ဂျေဇူးရဲ့ နေရာကို မဖြည့်တင်းနိုင်ခဲ့ရင် အာဆင်နယ်ဟာ ရာသီကုန်ချိန်မှာ အဆင့်၄ အတွင်းတောင် မဝင်နိုင်ကြောင်း သုံးသပ်လိုက်ပါတယ်။

ပေါလ် မာဆန်က – “ဂျေဇူးရဲ့ ဒူးဒဏ်ရာကြောင့် အာဆင်နယ်က အစားထိုး တိုက်စစ်မှူး တဦးကို ခေါ်ယူဖို့ လိုအပ်နေပါပြီ။ ကျွန်တော်ကတော့ အာဆင်နယ်ဟာ ဂတ်ပိုကို ခေါ်သင့်တယ်လို့ မြင်ပါတယ်။ တကယ်လို့ သူတို့ကသာ ဂတ်ပို ဒါမှမဟုတ် ဂျေဇူးရဲ့ နေရာကို အစားဝင်နိုင်တဲ့ တိုက်စစ်မှူး တဦးသာ ခေါ်နိုင်ရင် သူတို့ရဲ့ ခြေစွမ်းတွေက ကျသွားဖို့ မရှိပါဘူး။ ဒါပေမယ့် တကယ်လို့ အာဆင်နယ်ကသာ ဂျေဇူးကို စောင့်မယ် ဆိုပြီး ဆုံးဖြတ်ခဲ့ရင် သူတို့ဟာ ပရီးမီးယားလိဂ် ချန်ပီယံဆုကို ယူနိုင်ဖို့ မပြောနဲ့ အဆင့်၄ အတွင်းတောင် ဝင်မယ် မထင်ပါဘူး။ သူတို့က ဂျေဇူးရဲ့ နေရာကို အစားဝင်နိုင်မယ့် ကစားသမား တယောက် မဖြစ်မနေကို ခေါ်ယူရပါမယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။