ပရီးမီးယားလိဂ် နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အာဆင်နယ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ အောင်မြင်ကျော်ကြားတဲ့ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ ပေါလ် မာဆန်ကတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ နည်းပြသစ် အဲရစ် တန်ဟက်ဂ်အနေနဲ့ အသင်းကို အကောင်းဆုံး တည်ဆောက်ချင်ရင် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ အသင်းရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ခရစ္စတီယာနို ရိုနယ်ဒိုကို မဖြစ်မနေ ရောင်းထုတ်ရန် လိုအပ်ကြောင်း တိုက်တွန်း အကြံပေးခဲ့ပါတယ်။

လက်ရှိအချိန်မှာ နယ်သာလန် ထိပ်သီးကလပ် အေဂျက်ကို ကိုင်တွယ်နေတဲ့ နယ်သာလန်လူမျိုး နည်းပြဖြစ်သူ အဲရစ် တန်ဟက်ဂ်ဟာ လာမယ့် ဘောလုံးရာသီမှ စတင်ကာ ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ ယူနိုက်တက်ကို ကိုင်တွယ်ဖို့ အကြို သဘောတူညီမှုစာချုပ် ချုပ်ဆိုထားသူ ဖြစ်ပြီး သူနဲ့ မန်ချက်စတာ ယူနိုက်တက်တို့ရဲ့ ကြားမှာ ရှိနေတဲ့ စာချုပ်က ၂၀၂၆ခုနှစ် အထိ သက်တမ်း ရှိမှာပဲ ဖြစ်ပါတယ်။

Photo Credit: Standard

အဲရစ် တန်ဟက်ဂ်ဟာ မန်ချက်စတာ ယူနိုက်တက်မှာ ဆာအဲလက်စ် ဖာဂူဆန် နောက်ပိုင်း ဘယ်နည်းပြမှ မရခဲ့တဲ့ အသင်းကို စိတ်ကြိုက် ပြန်လည် တည်ဆောက်ခွင့်ကို ရရှိထားပြီး တန်ဟက်ဂ်က လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ရှိရင်းစွဲ ကစားသမားတွေ အနက် ထက်ဝက်ခန့်ကို ရောင်းချကာ အသင်းကို သွေးသစ်လောင်းဖို့ စဉ်းစားနေပါတယ်။

ဒါကြောင့်ပဲ နာမည်ကျော် ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ မာဆန်က တန်ဟက်ဂ်အနေနဲ့ မန်ချက်စတာ ယူနိုက်တက်ကို သွေးသစ်လောင်းချင်ရင် အသက်အရွယ် ရလာတဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုကို မဖြစ်မနေ ရောင်းထုတ်ဖို့ လိုအပ်ကြောင်း အကြံပေး တိုက်တွန်းခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုက မန်ချက်စတာ ယူနိုက်တက်နဲ့ လမ်းခွဲချင်နေမယ်လို့လည်း ယူဆထားကြောင်း မာဆန်က ဆိုပါတယ်။

Photo Credit: Standard

မာဆန်က – “ဒီရာသီက ရိုနယ်ဒိုရဲ့ နောက်ဆုံး ပရီးမီးယားလိဂ် ဘောလုံးရာသီ တခု ဖြစ်နိုင်ပါတယ်။ ဘာကြောင့်လဲ ဆိုတော့ သူက လာမယ့် ဘောလုံးရာသီမှာ ချန်ပီယံလိဂ် ကစားချင်တဲ့ စိတ်ဆန္ဒမျိုး ရှိနေလို့ပါ။ ပြီးတော့ အဲရစ် တန်ဟက်ဂ်ကလည်း သူ့ကို အသင်းမှာ ဆက်ထားမယ်လို့ မထင်ပါဘူး။ တကယ်လို့ အဲ့ဒီလိုသာ ဖြစ်လာရင် ကျွန်တော်က အတော်လေး အံ့အားသင့်မိမှာပါ။ တန်ဟက်ဂ်က မန်ချက်စတာ ယူနိုက်တက်ကို အစကနေ ပြန်လည် တည်ဆောက်ဖို့ ရောက်လာတာလေ။ ဒါကြောင့် သူက အသက် ၃၇နှစ် အရွယ် ရိုနယ်ဒိုကို ဘယ်နည်းနဲ့မှ အသင်းမှာ ဆက်ထားလို့ မရပါဘူး။ တဖက်မှာလည်း ပီအက်စ်ဂျီက ရိုနယ်ဒိုကို ခေါ်ဖို့ ကြိုးစားမယ်လို့ ထင်ပါတယ်” ဆိုပြီး ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုဟာ ယခုနှစ် ဘောလုံးရာသီမှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ဂိုးသွင်းအများဆုံး ကစားသမား အဖြစ် မှတ်တမ်းဝင်ထားသူ ဖြစ်ပြီး အသင်းအတွက် ပြိုင်ပွဲစုံမှာ ၃၇ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၂၃ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်ထားနိုင်သူပါ။