MySport Myanmar

(၂)လနီးပါးလောက်အထိ အနားယူသွားရတော့မယ့် ဂန်းနားတပ်သားသစ် မယ်ရီနို

ဒီနွေရာသီ အပြောင်းအရွှေ့ဈေးကွက်မှာ ရီးယဲလ် ဆိုစီဒက်အသင်းကနေ အာဆင်နယ်အသင်းဆီ ပြောင်းရွှေ့ ရောက်ရှိလာခဲ့တဲ့ စပိန် ကွင်းလယ်ကစားသမား မီခယ်လ် မော်ရီနိုဟာ သူရဲ့ ပခုံးဒဏ်ရာကြောင့် (၂)လခန့်လောက်အထိ အနားယူသွားရတော့မယ်လို့ Daily Mail ကနေ ဖော်ပြလာခဲ့ပါတယ်။

အာဆင်နယ်က ခံစစ်ပိုင်းအတွက် အီတလီ ခံစစ်မှူး ရီကာဒို ကာလာဖီအိုရီကို ဘိုလော့ဂ်နာအသင်းကနေ ခေါ်ယူခဲ့ပြီးတဲ့နောက် လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းအတွက် နယူးကာဆယ်နဲ့အတူ ပရီးမီးယားလိဂ်မှာ ကျင်လည်ခဲ့ဖူးတဲ့ စပိန် ကွင်းလယ်လူ မော်ရီနိုကို ယူရို (၃၂)သန်းနဲ့ ခေါ်ယူနိုင်ခဲ့ပါတယ်။

Photo Credit : The Short Fuse

အသက် (၂၈)နှစ်အရွယ် စပိန် လက်ရွေးစင် ကွင်းလယ်လူ မော်ရီနိုဟာ အာဆင်နယ် လိုအပ်နေတဲ့ ကွင်းလယ်ပိုင်းအတွက် အကောင်းဆုံး ခေါ်ယူမှုတစ်ခု ဖြစ်လာခဲ့ရပေမယ့် အသင်းနဲ့ ပထမဆုံးအကြိမ် ပြုလုပ်တဲ့ လေ့ကျင့်ရေး အစီအစဉ်မှာပဲ ပခုံးဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ဘရိုက်တန်နဲ့ပွဲကို လွဲချော်ခဲ့ရပါတယ်။

ကနဦးပိုင်းက မော်ရီနိုဟာ သူရဲ့ဒဏ်ရာကြောင့် ရက်သတ္တပတ် အနည်းငယ်လောက် အနားယူရနိုင်တယ်ဆိုပြီး သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ့် အခုထွက်ပေါ်လာတဲ့ သတင်းတွေမှာတော့ မော်ရီနိုက ဒီဒဏ်ရာကြောင့်ပဲ (၂)လခန့်လောက်အထိတောင် အနားယူသွားရနိုင်တယ်လို့ သိရပါတယ်။

Photo Credit : Football London

ဒါကြောင့် အာဆင်နယ်အနေနဲ့ သူတို့ရဲ့ ကစားသမားသစ် မော်ရီနိုကို အောက်တိုဘာ လလယ်ပိုင်းအထိ အနားပေးရတော့မှာဖြစ်ပြီး အောက်တိုဘာလထဲ နိုင်ငံတကာ ရက်သတ္တပတ်အပြီးမှပဲ အသင်းအတွက် စတင် အသုံးပြုနိုင်တော့မှာ ဖြစ်ပါတယ်။ မော်ရီနိုက အာဆင်နယ်ရဲ့ ပွဲကျပ် ပွဲစဉ်တွေဖြစ်တဲ့ စပါး အတ္တလန်တာ မန်စီးတီး ပီအက်စ်ဂျီတို့ပွဲတွေကို လွဲချော်ရတော့မှာဖြစ်ပြီး ဘုန်းမောက်နဲ့ပွဲမှသာ စတင် ပါဝင်လာနိုင်ပါတယ်။

ဒါပေမယ့် အာဆင်နယ်အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒက်ကလန်ရိုက်စ် ၊ မာတင် အိုဒီဂတ် ၊ သောမတ်စ် ပါတေးနဲ့ ဂျော်ဂျင်ဟိုတို့လည်း ရှိနေသလို လိုအပ်ရင်လည်း တင်းဘားကိုပါ ကွင်းလယ် နံပါတ်(၆)နေရာမှာပါ အသုံးပြုနိုင်တာဖြစ်လို့ မော်ရီနိုရဲ့ ဒဏ်ရာပြသာနာက အာဆင်နယ်အတွက် သိပ်အခက်အခဲ ဖြစ်ဖွယ်တော့ မရှိနိုင်ပါဘူး။

Exit mobile version