နာမည်ကျော် ပြင်သစ် သတင်းထောက် တစ်ဦးဖြစ်သူ မီနက်စ် ကတော့ ပြီးခဲ့တဲ့ အင်္ဂါနေ့ညမှာ ကစားခဲ့တဲ့ ချန်ပီယံလိဂ် အုပ်စုအဖွင့် ပွဲစဉ်မှာ မန်ယူအသင်းကို အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့တဲ့ ပီအက်စ်ဂျီ အသင်းရဲ့ အဓိက တိုက်စစ်မှူး နေမာကို မန်ယူအသင်းနဲ့ ပွဲမှာ မပါခဲ့သလိုပဲလို့ ဝေဖန် သွားခဲ့ပါတယ်။ အသက် ၂၈နှစ် အရွယ် ဘရာဇီးလ် လက်ရွေးစင် တိုက်စစ်မှူး နေမာဟာ ကမ္ဘာ့အကောင်းဆုံး ကစားသမားတွေထဲက တစ်ဦးအဖြစ် သတ်မှတ် ခံထားရသလို ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ်ပိုင်းကိုလည်း ဦးဆောင် ကစားနေရသူ ဖြစ်ပေမယ့် မန်ယူအသင်းနဲ့ ပွဲစဉ်မှာတော့ ပုံမှန်ခြေစွမ်း ပြသနိုင်ဖို့ ရုန်းကန်ခဲ့ရသလို တွဲဖက် ကစားသမားတွေ အတွက် နေရာလွတ်တွေကိုလည်း ဖန်တီး ပေးနိုင်ခဲ့ခြင်း မရှိပါဘူး။

 

 

Photo Credit: Euro Sport

အထူးသဖြင့် နေမာဟာ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ သူ့ရဲ့ ထင်ရှားတဲ့ ပြယုဂ်တစ်ခု ဖြစ်တဲ့ တစ်ဦးချင်း ဖြတ်ကျော်မှုတွေကို များများစားစား ပြုလုပ်နိုင်ခဲ့ခြင်း မရှိသလို တစ်ဖက်အသင်းရဲ့ ဂိုးဧရိယာထဲမှာလည်း ဘောလုံးတစ်ကြိမ်သာ ထိခွင့် ရခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ အတော်များများဟာ နေမာကို ပြစ်တင် ဝေဖန်မှုတွေ ပြုလုပ်နေကြြ့ပီး မီနက်စ် ကတော့ မန်ယူအသင်းနဲ့ ပွဲစဉ်မှာ နေမာဟာ မပါဝင်နိုင်ခဲ့ဘူးလို့တောင် ဝေဖန်မှုတွေ ပြုလုပ် သွားခဲ့ပါတယ်။ ဒါ့အပြင် မီနက်စ်က မန်ယူအသင်းနဲ့ ပွဲစဉ်မှာ နေမာဟာ တစ်ဦးထဲသာ ဘောလုံး ကစားသွားကြောင်း ဆိုခဲ့ပါသေးတယ်။

Photo Credit: Euro Sport

မန်ယူအသင်းနဲ့ ပွဲစဉ်က နေမာရဲ့ ခြေစွမ်းနဲ့ ပတ်သတ်ပြီး မီနက်စ်က “ပီအက်စ်ဂျီ အသင်းဟာ နေမာ ပါဝင်တဲ့ အသင်းနဲ့ နေမာ မပါဝင်တဲ့ အသင်းဆိုပြီး ခြားနားမှုတွေ ရှိကြောင်း ကျွန်တော် ပြောလေ့ရှိပါတယ်။ ဒါပေမယ့် မနေ့ညကတော့ နေမာဟာ ပီအက်စ်ဂျီအသင်း အတွက် ဝင်ကစားခဲ့ပေမယ့် ပွဲကို ကြည့်ရတာ သူမပါဝင် သလိုပါပဲ။ နေမာဟာ ကြံ့ခိုင်မှုပိုင်းမှာ အတော်လေး ချို့ယွင်းချက် များပြားနေသလို သူဟာ ဘောလုံးကို သယ်ဆောင်ပြီး တစ်ယောက်ထဲသာ ကစားနေခဲ့ပါတယ်” ဆိုပြီး ဝေဖန် သွားခဲ့ပါတယ်။ ပီအက်စ်ဂျီအသင်းဟာ မန််ယူအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့် ချန်ပီယံလိဂ် အုပ်စု Hကနေ အုပ်စုပထမ နေရာနဲ့ တက်လှမ်းနိုင်မယ့် အသင်းအဖြစ် ရေပန်းစားနေဆဲ ဖြစ်ပါတယ်။