ပရီးမီးယားလိဂ် နာမည်ကြီး အသင်းတစ်သင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား ဖြစ်သူ မန်ဒီဟာ ယနေ့ညမှာ ကစားမယ့် ဆီဗီးလားအသင်းနဲ့ ချန်ပီယံလိဂ်အုပ်စု အဖွင့်ပွဲစဉ်မှာ ပြန်လည် ပါဝင် လာဖွယ်ရှိကြောင်း သိရပါတယ်။ အသက် ၂၈နှစ် အရွယ် ဆီနီဂေါဂိုးသမား မန်ဒီဟာ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့မှာ ပြင်သစ်ကလပ် ရန်းနက်စ်အသင်း ကနေ ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ခဲ့သူ ဖြစ်ပြီး ချယ်လ်ဆီးအသင်းထံ စတင် ရောက်ရှိတဲ့ အချိန်မှာပဲ ကားလင်းဖလားနဲ့ ပရီးမီးယားလိဂ်ပွဲစဉ်တွေမှာ ပါဝင် ကစားခွင့် ရရှိခဲ့သလို စပါးအသင်းနဲ့ ပွဲစဉ်မှာ ပေးဂိုးတစ်ဂိုး ခွင့်ပြု ပေးခဲ့ရပေမယ့် ပရီးမီးယားလိဂ် ပွဲစဉ်အဖြစ် ပါဝင် ကစားခဲ့တဲ့ ခရစ္စတယ်ပဲလေ့စ်နဲ့ ပွဲစဉ်မှာတော့ ပေးဂိုးမရှိအောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။

Photo Credit: The Sun

ဒါ့ကြောင့်ပဲ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ မန်ဒီကို ဆက်လက် နေရာပေးဖို့ ဆုံးဖြတ် ခဲ့ပေမယ့် မန်ဒီဟာ ဆီနီဂေါလက်ရွေးစင် အသင်းနဲ့ သွားရောက် ပူးပေါင်းခဲ့စဉ်မှာ ဒဏ်ရာရရှိခဲ့တာကြောင့် ချယ်လ်ဆီးအသင်းနဲ့ ဆောက်သမ်တန် အသင်းတို့ရဲ့ ပွဲစဉ်ကို လွဲချော်ခဲ့ ရပါတယ်။ တိုက်တိုက်ဆိုင်ဆိုင်လို့ ဆိုရလောက်အောင်ပဲ မန်ဒီမပါဝင်နိုင်တဲ့ ပွဲစဉ်မှာ ချယ်လ်ဆီးအသင်းဟာ သွင်းဂိုး သုံးဂိုးအထိ ခွင့်ပြုပေးခဲ့ ရသလို မန််ဒီအစား ပါဝင်ခွင့်ရခဲ့တဲ့ ဂိုးသမား ကီပါဟာလည်း ဝေဖန််မှု အများအပြားကို ခံခဲ့ရပါတယ်။ ချယ်လ်ဆီး အသင်းရဲ့ ပရိသတ်တွေ ကတော့ ကီပါရဲ့ လက်စွမ်းတွေကြောင့် ဆီဗီးလားအသင်းနဲ့ ပွဲစဉ်မှာ ကီပါပဲ ဆက်လက် ပါဝင်မှာကို စိုးရိမ်နေကြပါတယ်။

Photo Credit: The Sun

ဒါပေမယ့် အင်္ဂလန် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Guardian သတင်းဌာနရဲ့ အဆိုအရတော့ ချယ်လ်ဆီးအသင်းရဲ့ ဂိုးသမား ဖြစ်သူ မန်ဒီဟာ စနေနေ့မှ စတင်ကာ လေ့ကျင့်ခန်းတွေ ပြန်ဆင်းနေခဲ့ပြီး လေ့ကျင့်ခန်း ဆင်းနေတာဟာ သုံးရက်တာ ရှိနေပြီ ဖြစ်တာကြောင့် ဆီဗီးလားအသင်းနဲ့ ပွဲစဉ်မှာ ပြန်လည် ပါဝင် လာဖွယ်ရှိကြောင်း သိရပါတယ်။ ချယ်လ်ဆီးအသင်းနဲ့ နီးစပ်သူတွေကလည်း အဆိုပါ သတင်းအပေါ် အတည်ပြု ပေးထားကြသလို ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်ဟာ ယနေ့ညပွဲစဉ်မှာ မန်ဒီကို ထည့်သွင်းဖို့ စီစဉ် နေပြီး ပွဲမကစားခင် နောက်ဆုံးအကြိမ် ပြုလုပ်မယ့် ကြံ့ခိုင်မှု အစီအစဉ်ရဲ့ ရလဒ်ကို ကြည့်ရှုကာ မန်ဒီကို ပါဝင်ခွင့် ပေးမလား ၊ မပေးဘူးလား ဆိုတာ ဆုံးဖြတ် သွားမှာ ဖြစ်ကြောင်း ဖွင့်ဟ ထားကြပါတယ်။