ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ ချယ်လ်ဆီးရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မန်ဒီက အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို လုပ်ခလစာ နည်းပါးတယ် ဆိုတဲ့ အကြောင်းပြချက်နဲ့ ငြင်းဆန် ပယ်ချလိုက်ကြောင်း အင်္ဂလန် အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အသက် ၃၀ အရွယ် ဆီနီဂေါ လက်ရွေးစင် နံပါတ်တစ် ဂိုးသမား မန်ဒီက ၂၀၂၀ခုနှစ်မှာ ရန်းနက်စ်ကနေ ချယ်လ်ဆီးထံ ပြောင်းရွှေ့ကြေး ယူရို ၂၄သန်းနဲ့ ပြောင်းရွှေ့လာသူ ဖြစ်ပြီး ရောက်ရောက်ချင်းမှာပဲ အသင်းရဲ့ နံပါတ်တစ် ဂိုးသမားရာထူးကို သိမ်းပိုက်နိုင်ခဲ့သလို အသင်းရဲ့ ချန်ပီယံလိဂ် အောင်ပွဲမှာလည်း အရေးပါတဲ့ ကစားသမား တဦး ဖြစ်ခဲ့ပါတယ်။

Photo Credit: Metro

မန်ဒီက ချယ်လ်ဆီးရဲ့ နံပါတ်တစ် ဂိုးသမား အဖြစ် ၂နှစ် နီးပါး ကစားထားပေမယ့် သူ့ရဲ့ တပတ် လုပ်ခလစာဟာ ပေါင် ၅၂၀၀၀သာ ရှိပြီး ဒီပမာဏဟာ အရည်အသွေးမြင့် လူငယ်ကြယ်ပွင့်တွေရဲ့ လုပ်ခလစာနှုန်းထား ပမာဏ တရပ်သာ ရှိနေပါတယ်။

ဒါကြောင့်ပဲ ချယ်လ်ဆီးက သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်သူ မန်ဒီကို လုပ်ခလစာ တိုးမြှင့်ပေးကာ စာချုပ်သစ် တရပ် ကမ်းလှမ်းခဲ့ပေမယ့် မန်ဒီကတော့ ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုထဲမှာ ပေးချေမယ့် လုပ်ခလစာ ပမာဏကို သဘောမကျတာကြောင့် စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။

Photo Credit: Metro

ချယ်လ်ဆီးနဲ့ နီးစပ်တဲ့ နာမည်ကြီး သတင်းထောက် ကင်ဆယ်လာရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးက မန်ဒီကို လက်ရှိ အသင်းရဲ့ ဒုတိယ ဦးစားပေး ဂိုးသမား ကီပါရဲ့ လုပ်ခလစာ ဖြစ်တဲ့ တပတ် လုပ်ခလစာ ပေါင် ၁၉၀၀၀၀အောက် ပမာဏ တရပ်နဲ့ စာချုပ်သစ် ကမ်းလှမ်းခဲ့ပြီး မန်ဒီကတော့ သူ့ကို ကီပါထက် နည်းပါးတဲ့ လုပ်ခလစာ ပေးချေမှုကို သဘောမကျတာကြောင့် ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန် ပယ်ချခဲ့ကြောင်း သိရပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Daily Mail သတင်းဌာနကလည်း မန်ဒီဟာ ချယ်လ်ဆီးရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်း ထပ်ဆင့် အတည်ပြုပေးထားပြီး မန်ဒီဟာ ကီပါထက် အနည်းငယ် ပိုများတဲ့ လုပ်ခလစာ ပမာဏ တရပ် ဖြစ်တဲ့ တပတ် လုပ်ခလစာ ပေါင် ၂သိန်း ဝန်းကျင် လိုချင်နေကြောင်း ဖော်ပြထားပါသေးတယ်။