ကုန်ဆုံးသွားတဲ့ နွေအပြောင်းအရွှေ့ ပိတ်သိမ်းခါနီးမှာ ပြင်သစ်ကလပ် ရန်းနက်စ်အသင်း ကနေ ပရီးမီးယားလိဂ် ကလပ် ချယ်လ်ဆီးအသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၂၂သန်းနဲ့ ပြောင်းရွှေ့ လာခဲ့တဲ့ ဆီနီဂေါ လက်ရွေးစင် ဂိုးသမား မန်ဒီဟာ ဆီနီဂေါ လက်ရွေးစင် အသင်းနဲ့ လေ့ကျင့်မှုတွေ ပြုလုပ်နေရင်း ဒဏ်ရာ ရရှိခဲ့ကြောင်း သိရပါတယ်။ အသက် ၂၈နှစ် အရွယ် ဆီနီဂေါ လက်ရွေးစင် ဂိုးသမား မန််ဒီဟာ ပြီးခဲ့တဲ့ ဘောလုံး ရာသီမှ စတင်ကာ ပုံမှန် ပွဲထွက်ခွင့် ရခဲ့တဲ့ ဂိုးသမား တစ်ဦးဖြစ်ပေမယ့် သူ့ရဲ့ အရပ်အမောင်း မြင့်မားမှု ၊ နောက်ခံလူတွေကို အမိန့်ပေးနိုင်မှု ၊ အမြင့်ဘော ဖမ်းရာမှာ တည်ငြိမ်မှုတို့ကြောင့် အချိန်တိုအတွင်း တိုးတက် လာခဲ့ကာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာမယ့်သူ အဖြစ် ထင်ကြေးပေးခံ ထားရသူပါ။

Photo Credit: Metro

ချယ်လ်ဆီးအသင်းဟာ သူတို့အသင်းရဲ့ နံပါတ်တစ် ဂိုးသမား နေရာအတွက် စပိန် လက်ရွေးစင် ဂိုးသမား ကီပါကို ၂၀၁၇ ခုနှစ်မှာ ပြောင်းရွှေ့ကြေး ယူရို ၈ဝသန်းအထိ ပေးချေကာ ခေါ်ယူခဲ့ပေမယ့် ကီပါဟာ ပရီးမီးယားလိဂ်နဲ့ အသားကျဖို့ ရုန်းကန်ခဲ့ရသလို ပြီးခဲ့တဲ့ ဘောလုံးရာသီမှာလည်း ဂိုးပေါက် ကာကွယ်မှုနှုန်း အနည်းဆုံး ဂိုးသမား တစ်ဦးအဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါ့ကြောင့်ပဲ ချယ်လ်ဆီးအသင်းရဲ့ နည်းပြဖြစ်သူ လမ်းပတ်က မန်ဒီကို လျင်လျင်မြန််မြန် အသင်းထံ ခေါ်ယူခဲ့ကာ အသင်းကို ရောက်ရှိပြီး မကြာမီမှာပဲ စပါးအသင်းနဲ့ ကာရာဘောင်းဖလား ပွဲစဉ်မှာ စတင် သုံးစွဲခဲ့ကာ ပဲလေ့စ်အသင်းကို အနိုင်ရတဲ့ ပရီးမီးယားလိဂ် ပွဲစဉ်မှာလည်း ဆက်လက် သုံးစွဲခဲ့ပါတယ်။

Photo Credit: Metro

ဒါ့ကြောင့် မန်ဒီဟာ ချယ်လ်ဆီးအသင်းရဲ့ နံပါတ်တစ် ဂိုးသမား ဖြစ်လာပြီလို့ ထင်ကြေးပေးမှုတွေ ရှိလာခဲ့ပြီး ယခုလို ဒဏ်ရာရရှိခဲ့တာဟာ ချယ်လ်ဆီးအသင်း အတွက်ရော မန်ဒီအတွက်ပါ အတော်လေးကို စိတ်ပျက်စရာ ကောင်းတဲ့ အရာတစ်ခုလို့ သတ်မှတ်ရမှာပါ။ လက်ရှိ အချိန်အထိ မန်ဒီရဲ့ ဒဏ်ရာအတိမ်အနက် ကို မသိရှိရသေးပဲ မန်ဒီဟာ ဆီနီဂေါ လက်ရွေးစင် အသင်းကနေ နုတ်ထွက်ခဲ့ပြီး ချယ်လ်ဆီးအသင်းထံ ပြန်လာကာ သူ့ရဲ့ဒဏ်ရာ အခြေအနေကို စစ်ဆေးမယ် လို့ သိရပါတယ်။ မန်ဒီတစ်ယောက် ဒဏ်ရာ ရရှိတာဟာ ကီပါအတွက်တော့ အခွင့်အရေးကောင်း တစ်ခုဖြစ်ပြီး ဒီတစ်ကြိမ်မှာသာ အခွင့်အရေးကို အမိအရ အသုံးမချနိုင်ရင် ကီပါရဲ့ နံပါတ်တစ် ဂိုးသမား အိမ်မက်ဟာ ပျက်စီးသွားနိုင်ကြောင်း သုံးသပ် လိုက်ပါရစေ။