ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး ရိုနယ်ဒိုရဲ့ ကိုယ်စားလှယ်လည်းဖြစ် ၊ အေးဂျင့်လည်း ဖြစ်တဲ့ စူပါအေးဂျင့် ဂျော့စ် မန်ဒက်စ်က ရိုနယ်ဒိုနဲ့ နာပိုလီကြယ်ပွင့် တိုက်စစ်မှူး အိုဆီမန်တို့ကို အလဲအထပ် လုပ်ပေးဖို့ ကြိုးစားနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ယခု နွေဈေးကွက် အတွင်းမှာ ချန်ပီယံလိဂ် ဝင်ခွင့်ရ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ခွင့် ပေးဖို့ မန်ချက်စတာ ယူနိုက်တက်ထံ တောင်းဆိုထားသူ ဖြစ်ပြီး သူ့ရဲ့ အေးဂျင့်ဖြစ်သူ မန်ဒက်စ်ကလည်း ရိုနယ်ဒို တယောက် အသင်းပြောင်းနိုင်အောင် အစွမ်းကုန် ကြိုးစားပေးနေပါတယ်။

Photo Credit: Sports Brief

တဖက်မှာတော့ နာပိုလီရဲ့ ဥက္ကဌ ဖြစ်သူ ဒီ လော်ရန်တစ်က ရိုနယ်ဒိုကို သူတို့အသင်းဆီ ခေါ်ယူဖို့ ကာလရှည် စိတ်ဝင်စားခဲ့တာ ဖြစ်ပြီး ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့ အတွက် မန်ဒက်စ်နဲ့ တရားဝင် ဆွေးနွေးမှု တချို့လည်း ပြုလုပ်ထားပါတယ်။

ဒါပေမယ့် နာပိုလီက ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ရင်ဆိုင်နေရတာကြောင့် ရိုနယ်ဒိုကို ခေါ်ယူနိုင်ဖို့ ဆိုရင် အသင်းရဲ့ အဓိက ကစားသမားတွေထဲက တဦးကို မဖြစ်မနေ ရောင်းချရဖို့ ရှိနေပြီး ဒီ လော်ရန်တစ်ကတော့ သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူး အိုဆီမန်အတွက် အသင်းသစ် ရှာဖွေပေးဖို့ မန်ဒက်စ်ကို တောင်းဆိုထားပါတယ်။

Photo Credit: Sports Brief

ဒါကြောင့်ပဲ မန်ဒက်စ်က ရိုနယ်ဒိုကို နာပိုလီဆီ ပို့ဆောင်ပြီး အိုဆီမန်ကို မန်ချက်စတာ ယူနိုက်တက်ဆီ ပြန်လည် ပို့ဆောင်ပေးဖို့ ကြားကနေ ချိတ်ဆက် လုပ်ဆောင်မှုတွေ ပြုလုပ်နေကာ မန်ဒက်စ်ဟာ ဒီ လော်ရန်တစ်ကို မကြာခင်မှာပဲ မန်ချက်စတာ ယူနိုက်တက်ဆီကနေ အိုဆီမန်အတွက် ကမ်းလှမ်းမှု တရပ် ရောက်လာတော့မယ်လို့ အသိပေးထားကြောင်း နာမည်ကြီး အီတလီ အခြေစိုက် သတင်းဌာန တခု ဖြစ်တဲ့ Get Italian Football News သတင်းဌာနက ဆိုပါတယ်။

နောက်ထပ် နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း အိုဆီမန်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ခွင့် ရမယ် ဆိုရင် ပြောင်းရွှေ့ဖို့ အသင့် ရှိနေကြောင်း ဖော်ပြထားတာကြောင့် အိုဆီမန်နဲ့ ရိုနယ်ဒိုတို့ရဲ့ အလဲအထပ်ဟာ ဖြစ်ပေါ်လာဖွယ် ရှိနေပေမယ့် နာပိုလီဘက်က အိုဆီမန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း အထိ လိုချင်နေတဲ့ အချက်ဟာ ရိုနယ်ဒိုနဲ့ အိုဆီမန်တို့ရဲ့ အလဲအထပ် အတွက် အတားအဆီး တခု ဖြစ်လာနိုင်ပါတယ်။