အူဘာမီယန်း ဒမ်ဘီလီ ဖာတီ ဖယ်ရန်တောရက်စ် ဘရေ့ဝိတ်တို့လို တိုက်စစ်ကစားသမားတွေ ပိုင်ဆိုင်ထားတဲ့ အသင်းဆီကို ရာဖင်ညာနဲ့ လီဝန်ဒေါစကီးတို့ပါ ထပ်မံရောက်ရှိလာတော့မှာဖြစ်လို့ နေရာပျောက်ဆုံးရဖို့ သေချာနေရတဲ့ မန်ဖစ်ဒီပိုင်းက သူ့အနေနဲ့ ဘာစီလိုနာအသင်းနဲ့သာ လက်တွဲဖြုတ်ရမယ်ဆိုရင် ထိပ်တန်းကလပ်အသင်းတွေဆီကိုသာ ပြောင်းရွှေ့လိုတယ်လို့ သိရှိရပါတယ်။

Photo Credit : The Transfer Tavern

မနှစ်က နွေဈေးကွက်ကမှ လိုင်ယွန်ကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ရောက်ရှိလာခဲ့တဲ့ နယ်သာလန် လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းဟာ သူရဲ့ ဆရာသမား ရော်နယ်ကိုးမန်းရဲ့ ဘက်တော်သားအဖြစ် ဘာစီလိုနာ တိုက်စစ်မှာ နေရာတစ်နေရာ ရရှိခဲ့ပေမယ့် ကိုးမန်းက ရာထူးကနေ ထုတ်ပယ်ခံရလို့ ဇာဗီ ရောက်လာချိန်မှာ အသင်းရဲ့ တိုက်စစ်အတွက် အူဘာမီယန်းနဲ့ ဖယ်ရန်တောရက်စ်တို့ပါ ဖြည့်တင်းလိုက်တာကြောင့် ဒီပိုင်းအတွက် ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်သွားခဲ့ရပါတယ်။ အခုလည်း တောင်ပံတိုက်စစ် ရာဖင်ညာနဲ့ အထောင်တိုက်စစ်မှူး လီဝန်ဒေါစကီးပါ ခေါ်ယူလိုက်ပြန်တာကြောင့် ဒီပိုင်းရဲ့ ဘာစီလိုနာ ကစားသမားဘဝ အနာဂတ်က မှေးမှိန်သွားခဲ့ရပါတယ်။

Photo Credit : TEAMtalk

ဒီပိုင်းက ဘာစီလိုနာကို ပြောင်းရွှေ့လာစဉ် အလွတ်ပြောင်းရွှေ့ကြေး (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ခဲ့တာဖြစ်လို့ ဘာစီလိုနာအနေနဲ့ ဒီပိုင်းကို အခုနွေမှ ထုတ်မရောင်းနိုင်ရင် လာမယ့်နှစ်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ ဆုံးရှုံးရမှာ ဖြစ်ပါတယ်။ ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ ဘာစီလိုနာ ဘုတ်အဖွဲ့ဝင်တွေဟာ ဒီတစ်ပတ်အတွင်းမှာပဲ ဒီပိုင်းနဲ့ တိုက်ရိုက်တွေ့ဆုံပြီး ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့ကာ ဒီပိုင်းသာ အသင်းမှာ ဆက်နေမယ်ဆိုရင် နည်းပြဇာဗီက သူ့အတွက် အသင်းမှာ နေရာတစ်ခု ပေးဖို့အတွက် စဉ်းစားပေးမှာဖြစ်သလို ဒီပ်ိုင်းက ထွက်ခွာဖို့ ဆုံးဖြတ်မယ်ဆိုရင်တော့ အသင်းဘက်ကနေ ပြောင်းရွှေ့့ကြေး အနည်းငယ်လောက်နဲ့ ရောင်းထုတ်သွားရမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီပိုင်းကတော့ ဘာစီလိုနာမှာ သူရဲ့စာချုပ်သက်တမ်း ကုန်ဆုံးချိန်ထိ ဆက်လက်ရှိနေချင်ပေမယ့်လည်း တကယ်လို့များ ဘာစီလိုနာနဲ့ လမ်းခွဲဖြစ်ရမယ်ဆိုရင်တော့ သူ့အနေနဲ့ ထိပ်တန်းကလပ်အသင်းတွေဆီကိုသာ ပြောင်းရွှေ့ချင်တယ်လို့ သိရပါတယ်။ လတ်တလောမှာတော့ ဒီပိုင်းကို နည်းပြကွန်တီရဲ့ စပါးအသင်းက ခေါ်ယူချင်နေပြီး SPORT သတင်းစာရဲ့ ဖော်ပြချက်မှာလည်း စပါးဘက်က ဒီပိုင်းကို ကမ်းလှမ်းမှုတစ်ရပ် ပြုလုပ်ခဲ့ပေမယ့် ဒီပိုင်းက ပရီးမီးယားလိဂ်ကို မပြန်လာချင်လို့ စပါးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့တယ်လို့ ဖော်ပြထားခဲ့ပါတယ်။