နယ်သာလန် တိုက်စစ်ကစားသမားဖြစ်တဲ့ မန်ဖစ်ဒီပိုင်းကတော့ နောက်ပိုင်းပွဲစဉ်တွေမှာ ဂိုးမြူးလျက်ရှိနေပြီး မနေ့ညက တူရကီလက်ရွေးစင်အသင်းနဲ့ ယှဉ်ပြိုင်ကစားခဲ့ရတဲ့ ၂၀၂၂ ကမ္ဘာ့ဖလားခြေစစ်ပွဲစဉ် (ဥရောပဇုန်)ပွဲမှာ အသင်းအတွက် သွင်းဂိုး(၃)ဂိုး သွင်းယူပေးနိုင်ခဲ့ပြီး ဒါဟာ ဒီပိုင်းရဲ့ လက်ရွေးစင် ကစားသမားဘဝအတွင်းမှာ ပထမဆုံးအကြိမ် သွင်းယူနိုင်ခဲ့တဲ့ ဟက်ထရစ်လည်း ဖြစ်လာခဲ့ရသလို နယ်သာလန်အသင်းအတွက် ဂိုးအများဆုံး သွင်းယူထားနိုင်တဲ့ ကစားသမားစာရင်းမှာပါ အဆင့်(၈)နေရာကို ရောက်ရှိသွားခဲ့ပါတယ်။

Photo Credit : Twitter

ဝါရင့်နည်းပြကြီး လူးဝစ်ဗန်ဟားလ် ကိုင်တွယ်လျက်ရှိနေတဲ့ နယ်သာလန်အသင်းဟာ မနေ့ညမှာပဲ တူရကီအသင်းနဲ့ ကမ္ဘာ့ဖလားခြေစစ်ပွဲအဖြစ် ရင်ဆိုင်တွေ့ဆုံခဲ့ရာ ပထမပိုင်း ပြီးခါနီးမှာ အဓိကနောက်ခံလူ ဆိုယွန်ဂျူ ထုတ်ပယ်ခံလိုက်ရတဲ့ တူရကီကို အိမ်ရှင်နယ်သာလန်က ဒီပိုင်းရဲ့ ဟက်ထရစ်နဲ့အတူ (၆)ဂိုး(၁)ဂိုးနဲ့ အပြတ်အသတ် အနိုင်ယူခဲ့နိုင်ပါတယ်။ ဒီပွဲမှာ အသင်းအတွက် အရေးပါတဲ့ သွင်းဂိုး(၃)ဂိုးကို သွင်းယူနိုင်ခဲ့တဲ့ ဘာစီလိုနာ တိုက်စစ်ကစားသမား ဒီပိုင်းဟာ သူရဲ့လက်ရွေးစင် ကစားသမားဘဝအတွင်း ပထမဆုံးအကြိမ်အဖြစ်နဲ့ ဟက်ထရစ် သွင်းယူနိုင်ခဲ့တာ ဖြစ်သလို အခုဆိုရင် သူရဲ့လက်ရွေးစင် သွင်းဂိုးအရေအတွက်ဟာဆိုရင်လည်း (၃၃)ဂိုးတောင် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

Photo Credit : Twitter

လက်ရွေးစင်အသင်းအတွက် (၇၁)ပွဲအထိ ပါဝင်ကစားပေးခဲ့ပြီးနောက် သွင်းဂိုးပေါင်း (၃၃)ဂိုး သွင်းယူနိုင်ခဲ့တဲ့ ဒီပိုင်းဟာ အခုဆိုရင် နယ်သာလန်အသင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူထားနိုင်ခဲ့တဲ့ ကစားသမား (၁၀)ယောက်စာရင်းမှာ အဆင့်(၈)နေရာအထိ ရောက်ရှိလာခဲ့ပြီ ဖြစ်ပါတယ်။ နယ်သာလန်အသင်းအတွက် သွင်းဂိုးအများဆုံး သွင်းယူထားခဲ့သူကတော့ လက်ရှိမှာ ဘောလုံးလောကထဲကနေ အနားယူလို့ထားတဲ့ မန်ချက်စတာယူနိုက်တက်နဲ့ အာဆင်နယ် တိုက်စစ်မှူးဟောင်း ရော်ဘင်ဗန်ပါစီဖြစ်ပြီး သွင်းဂိုးပေါင်း(၅၀)အထိ သွင်းယူထားတာ ဖြစ်ပါတယ်။ ဒီပိုင်းအနေနဲ့ ဗန်ပါစီရဲ့ သွင်းဂိုးတွေကို လိုက်မီဖို့ အခြေအနေကောင်းလျက် ရှိနေသလို လက်ရှိမှာလည်း သူရဲ့အကောင်းဆုံးပုံစံကို ပြသထားနိုင်တာမို့ အဆင့်တွေ တဖြည်းဖြည်း မြှင့်တတ်သွားဖွယ်လည်း ရှိနေပါတယ်။ ဒါ့အြ့ပင် နယ်သာလန်အတွက် သွင်းဂိုးအများဆုံး သွင်းယူထားသူစာရင်းမှာ ဒီပိုင်းတစ်ဦးတည်း ဘောလုံးဆက်ကစားနေသေးတာဖြစ်သလို သူရဲ့လက်ရှိအသက်အရွှယ်မှာလည်း (၂၇)နှစ်သာ ရှိနေသေးတာကြောင့် ဗန်ပါစီရဲ့စံချိန်ကိုပါ ကျော်လွန်သွားနိုင်တဲ့အထိ မျှော်လင့်လို့ ရနိုင်တာ ဖြစ်ပါတယ်။