အူဘာမီယန်း ဖာတီ ဖယ်ရန်တောရက်စ် ဒမ်ဘီလီတို့လို ကစားသမားကောင်းတွေ ရှိနေတဲ့ ဘာစီလိုနာ တိုက်စစ်ပိုင်းကို ရာဖင်ညာနဲ့ လီဝန်ဒေါစကီးတို့ပါ ထပ်မံရောက်ရှိလာခဲ့တာကြောင့် အသင်းမှာ နေရာပျောက်ဖို့ သေချာသလောက် ရှိနေရတဲ့ မန်ဖစ်ဒီပိုင်းက ဒီနွေဈေးကွက်ထဲမှာ ဘာစီလိုနာအသင်းကနေ ထွက်ခွာသွားရဖွယ် ရှိနေပေမယ့် သူရဲ့ ဆုဖလားတွေ ရယူချင်နေတဲ့ ဆန္ဒကြောင့် တော့တင်ဟမ်ဟော့စပါးအသင်းဆီ ပြောင်းရွှေ့ဖို့ မရှိဘူးလို့ သိရပါတယ်။

Photo Credit : US Sports

နယ်သာလန်လက်ရွေးစင် တိုက်စစ်ကစားသမား ဒီပိုင်းက ပြီးခဲ့တဲ့နှစ် နွေရာသီကမှ လိုင်ယွန်ကနေ ဘာစီလိုနာအသင်းဆီကို အလွတ်ပြောင်းရွှေ့ကြေး (၂)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး နယ်သာလန်လူမျိုး ဘောလုံးနည်းပြ ရော်နယ်ကိုးမန်းလက်အောက်မှာ ပွဲကစားခွင့်တွေ ရရှိခဲ့ပေမယ့်လည်း ကိုးမန်း အသင်းကနေ ထုတ်ပယ်ခံရပြီးနောက် ဇာဗီ နည်းပြဖြစ်လာချိန်မှာ အသင်းကို အူဘာမီယန်းနဲ့ ဖယ်ရန်တောရက်စ်တို့ပါ ထပ်မံရောက်လာခဲ့ရင်းနဲ့ ဒီပိုင်းရဲ့ ပွဲကစားခွင့်တွေက အကန့်အသတ်နဲ့ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : CaughtOffside

ဒီလို အခြေအနေမှာ ဘာစီလိုနာဘက်က ဒမ်ဘီလီကို စာချုပ်သစ် ချုပ်ဆိုလိုက်တဲ့အပြင် လီဝန်ဒေါစကီးနဲ့ ရာဖင်ညာတို့ကိုပါ ထပ်မံခေါ်ယူလိုက်တာကြောင့် ဒီပိုင်းရဲ့ အနာဂတ်က ပိုမို မရေမရာ ဖြစ်လာခဲ့ရပြီး သူရဲ့လက်ရှိ ကျောနံပါတ်(၉)ကို လီဝန်ဒေါစကီးဆီ လွှဲပြောင်းပေးရဖို့ ရှိနေသလို အသင်းကနေ ရောင်းထုတ်ခံရဖွယ်ပါ ရှိနေပါတယ်။ လက်ရှိမှာ ဒီပိုင်းက ဘာစီလိုနာအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာ့ဖြစ်ပြီး ဘာစီလိုနာဘက်က ဒီဈေးကွက်ထဲမှာ ကစားသမား ခေါ်ယူမှုအတွက် ယူရိုသန်းတစ်ရာအထိ အသုံးပြုထားတာဖြစ်လို့ ဒီပိုင်းကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ လက်လွတ်ဖို့ထက် ပြောင်းရွှေ့ကြေးတချို့သာ လက်လွတ်သွားဖို့ ဆန္ဒရှိနေပါတယ်။ လက်ရှိမှာတော့ ဒီပိုင်းကို ခေါ်ယူဖို့အတွက် အန်တိုနီယိုကွန်တီက စပါးအသင်းက စိတ်ဝင်စားလျက် ရှိနေပြီး တချို့ သတင်းအရင်းအမြစ်တွေမှာဆိုရင်လည်း စပါးဘက်က ဒီပိုင်းအတွက် ကမ်းလှမ်းမှုတွေပါ လုပ်ဆောင်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ ဒါပေမယ့် ၂၀၀၈ခုနှစ်နောက်ပိုင်းကတည်းက ဆုဖလား အောင်မြင်မှုတွေနဲ့ အလှမ်းဝေးနေရတဲ့ စပါးအသင်းဆီကို ဒီပိုင်းက မပြောင်းရွှေ့လိုပဲ ဆုဖလား ချန်ပီယံဆုတွေအတွက် စိန်ခေါ်မှု ဖြစ်နေမယ့် ကလပ်အသင်းတွေဆီကိုသာ ပြောင်းရွှေ့လိုနေပါတယ်။ လတ်တလောမှာ ဒီပိုင်းက သူ့အသင်းဟောင်း မန်ယူနိုက်တက်နဲ့ သတင်းတွေ ထွက်နေပေမယ့် ဆုဖလားတွေ ရယူချင်တဲ့ ဆန္ဒကြောင့် မန်ယူနိုက်တက်ကိုပါ ဆက်လက် ငြင်းဆန်ဖွယ် ရှိနေပါတယ်။