လိုင်ယွန်အသင်းကတော့ လာမယ့်(၈)ရက်နေ့မှာ ဂျုဗင်တပ်စ်အသင်းနဲ့ ချန်ပီယံလိဂ် (၁၆)သင်းအဆင့် ရှံးထွက်ဒုတိယအကျော့ပွဲစဉ်ကို ဆင်နွဲသွားရတော့မှာဖြစ်ပြီး လက်ရှိမှာ လိုင်ယွန်ထက် ဂျုဗင်တပ်စ်အသင်းက ပွဲဆက်တွေ အများကြီးကစားထားရတဲ့အပြင် အီတလီစီးရီးအေချန်ပီယံဆုကိုပါ ဆွတ်ခူးထားတဲ့ အသင်းဖြစ်ပေမယ့်လည်း သူတို့အသင်းက ဂျုဗင်တပ်စ်အသင်းကို ကြောက်ရွှံနေတာ ရှိန်နေတာတွေ ရှိမှာမဟုတ်ကပဲ သူတို့အသင်းအတွက် အခွင့်အရေးတွေများစွာ ရှိနေတယ်လို့ လိုင်ယွန်တိုက်စစ်ကစားသမား မန်ဖစ်ဒီပိုင်းက ကြုံးဝါးပြောဆိုလိုက်ပါတယ်။

Photo Credit : Goal

ကိုဗစ်စဖြစ်ကတည်းက ပြင်သစ်လီဂူးပြိုင်ပွဲကို ရပ်နားထားခဲ့ရလို့ ပွဲဆက်ပျက်နေတဲ့ လိုင်ယွန်အသင်းဟာ ပြီးခဲ့တဲ့ရက်ပိုင်းကမှ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ်လိဂ်ဖလားဖိုင်နယ်ပွဲကို ပြန်လည်ဆင်နွဲခဲ့ရတာဖြစ်ပြီး အဲ့ဒီပွဲစဉ်မှာ လိုင်ယွန်တို့ ကံဆိုးခဲ့ပြီး ပင်နယ်တီနဲ့ အရေးနိမ့်လိုက်ရပါတယ်။ လက်ရှိမှာလည်း လိုင်ယွန်ထက် ဂျုဗင်တပ်စ်အသင်းက ပွဲများစွာကို ပြန်လည်ကစားထားခဲ့ပြီးပြီဖြစ်သလို စီးရီးအေချန်ပီယံ ဖြစ်ထားခဲ့လို့လည်း စိတ်ဓါတ်ပိုင်းက တတ်ကြွလို့နေပါတယ်။ နောက်ပြီး ဒုတိယအကျော့ကို တူရင်မြေက ဂျုဗင်တပ်စ်ကွင်းဖြစ်တဲ့ အလိုင်းရန့်မှာ ကျင်းပမှာဖြစ်လို့ ဂျုဗင်တပ်စ်မှာက အခွင့်အရေးကောင်းတွေ ပိုင်ဆိုင်နေရတာဖြစ်ပါတယ်။

Photo Credit : AS English

ဒါပေမယ့် ပထမအကျော့တုန်းက လိုင်ယွန်အသင်းဟာ သူတို့ရဲ့ကွင်းမှာ ဂျုဗင်တပ်စ်ကို တစ်ဂိုးတည်းနဲ့ အနိုင်ရထားခဲ့သလို အဲ့ဒီပွဲတုန်းကလည်း အသင်းမှာ အဓိကတိုက်စစ်ကစားသမားဒီပိုင်းက ဒူးဒဏ်ရာကြောင့် မပါဝင်နိုင်ခဲ့ပါဘူး။ ဒီပိုင်းက “ပထမအကျော့ပွဲကတော့ ကျွန်တော်ဒူးဒဏ်ရာရပြီးနောက် ပထမဆုံး အသင်းကို လာရောက်ကြည့်ရှုခဲ့ရတဲ့ပွဲပါ။ အဲ့ဒီပွဲမှာ အသင်းသားတွေရဲ့တိုက်ပွဲဝင်စိတ်ကို မြင်လိုက်ရလို့ အရမ်းပျော်ရွှင်ခဲ့မိတယ်။ ဂျုဗင်တပ်စ်ကလည်း အဲ့ဒီတုန်းက ကောင်းကောင်းမကစားနိုင်ခဲ့ဘူး။ ဒါပေမယ့် လအနည်းငယ်အကြာမှာတော့ အခြေအနေတွေက လုံးဝကို ပြောင်းလဲသွားခဲ့ပါပြီ။ သူတို့က ကျွန်တော်တို့အသင်းထက် ပွဲစဉ်တွေများကြီးကို ကစားထားခဲ့ရပြီဖြစ်လို့ ရှုထောင့်ပေါင်းစုံကနေကို ပြောင်းလဲခဲ့ရပါပြီ။ ကျွန်တော်လည်း ဒီပွဲစဉ်မှာ ပါဝင်ကစားရဖို့ မျှော်လင့်နေပါတယ်။ အဆင့်သင့်လည်းဖြစ်နေပါပြီ။ အခု ပြောင်းလဲလိုက်တဲ့ တစ်ကျော့တည်းအပြီးစနစ်ကြောင့် ဘယ်အသင်းမဆို အခွင့်အရေးရှိလာနိုင်တယ်။ ဘာကြောင့်လဲဆိုတော့ တစ်ပွဲတည်း ကစားရမယ့်ပွဲမှာ အကုန်လုံးက မီးကုန်ယမ်းကုန်ဆော့ကြမှာလေ။ ကျွန်တော်တို့အသင်းက နောက်တစ်ဆင့်တတ်ဖို့ ရေပန်းစားနေတဲ့ အသင်းမဟုတ်မှန်း သိနေပေမယ့်လည်း ဂျုဗင်တပ်စ်ကိုလည်း ကျွန်တော်တို့ ကြောက်နေမှာတော့ မဟုတ်ဘူး” လို့ ထုတ်ဖော်ပြောဆိုလိုက်ပါတယ်။