၂၀၂၂-၂၀၂၃ နွေဈေးကွက်ရဲ့ နောက်ဆုံးရက်မှာ အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်ကနေ ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့လာခဲ့တဲ့ ဘရာဇီးလ် ကွင်းလယ်လူ အာသာ မယ်လိုကတော့ လီဗာပူးလို ကမ္ဘာကျော်အသင်း တသင်းမှာ ကစားဖို့ဟာ သူ့ရဲ့ စိတ်ကူးအိမ်မက် ဖြစ်ကြောင်း လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ အဓိက ကွင်းလယ်လူတွေ ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့နေရတာကြောင့် ရလဒ်ကောင်းတွေ ရယူနိုင်ဖို့ ခဲယဉ်းနေတဲ့ လီဗာပူးဟာ နယူးကာဆယ်ကို အနိုင်ရခဲ့တဲ့ ပွဲစဉ်အပြီးမှာပဲ အသင်းခေါင်းဆောင် ကွင်းလယ်လူ ဟန်ဒါဆန် ထပ်မံ ဒဏ်ရာရရှိသွားတာကြောင့် ဂျူဗင်တပ်ကနေ ထွက်ခွာခွင့် ရထားတဲ့ ကွင်းလယ်လူ အာသာ မယ်လိုကို ခေါ်ယူဖို့ အပူတပြင်း ကြိုးစားခဲ့ရပါတယ်။

Photo Credit: Sky Sports

အသက် ၂၆နှစ် အရွယ် ဘရာဇီးလ် ဗဟိုကွင်းလယ်လူ အာသာ မယ်လိုက ခြေစွမ်းခြေစ ရှိတဲ့ ကွင်းလယ်လူ တဦး ဖြစ်ပေမယ့် ဘာစီလိုနာကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် မကြာခဏ ဆိုသလို ဒဏ်ရာပြဿနာတွေနဲ့ ကြုံတွေ့ခဲ့ရတာကြောင့် ဂျူဗင်တပ်မှာ ပုံမှန် ပွဲထွက်ခွင့် ရဖို့ ရုန်းကန်နေရသူ တဦးပါ။

ဒါ့အပြင် ဂျူဗင်တပ်နည်းပြ အယ်လီဂရီက အာသာ မယ်လိုရဲ့ ကစားပုံကို သဘောမကျတာကြောင့် အာသာ မယ်လိုကို ယခု နွေဈေးကွက် အတွင်းမှာပဲ အသင်းကနေ ထွက်ခွာလိုက ထွက်ခွာနိုင်ကြောင်း အသိပေးခဲ့ပြီး အာသာ မယ်လိုကလည်း လီဗာပူးရဲ့ ကမ်းလှမ်းမှုကို ရရှိခဲ့ကြောင်းမှာ ဂျူဗင်တပ်ကို စွန့်ခွာကာ လီဗာပူးဆီ ပြောင်းရွှေ့ဖို့ ခပ်မြန်မြန်ပဲ ဆုံးဖြတ်ခဲ့ပါတယ်။

Photo Credit: Sky Sports

အာသာ မယ်လိုဟာ ဂျူဗင်တပ်ကနေ လီဗာပူးထံ တရာသီအငှား + ရာသီကုန်ရင် အပြီးသတ် ပြောင်းရွှေ့ခွင့်နဲ့ ပြောင်းရွှေ့လာခဲ့တာ ဖြစ်ပြီး လီဗာပူး ကစားသမား ဘဝ ပထမဦးဆုံး အင်တာဗျူးမှာပဲ အာသာ မယ်လိုက သူဟာ လီဗာပူးလို ထိပ်သီးအသင်း တသင်းမှာ လာရောက် ကစားခွင့် ရလို့ ဂုဏ်ယူမိကြောင်းနဲ့ လီဗာပူးလို အသင်းကြီးမှာ ကစားခွင့် ရဖို့ဟာ သူ့ရဲ့ အိမ်မက်ဖြစ်ကြောင်း ပြောကြားသွားပါတယ်။

အာသာ မယ်လိုက – “ကျွန်တော်က လီဗာပူးဆီ ပြောင်းရွှေ့ခွင့် ရခဲ့လို့ အရမ်း အရမ်းကို ပျော်ရွှင်နေပါတယ်။ ပြီးတော့ လီဗာပူးလို ကမ္ဘာကျော်အသင်း တသင်းရဲ့ ဝတ်စုံကို ဝတ်ဆင် ကစားခွင့် ရဖို့ဟာ ကျွန်တော့်ရဲ့ အိမ်မက်တခုပါပဲ။ လီဗာပူးက သမိုင်းအစဉ်အလာ ကောင်းတွေ ပိုင်ဆိုင်ထားတဲ့ အသင်းတသင်း ဖြစ်ပြီး ကျွန်တော်က လီဗာပူးနဲ့ ပြိုင်ဘက်အဖြစ် ရင်ဆိုင် ကစားခဲ့ဖူးတာကြောင့် အန်ဖီးလ်ကွင်းရဲ့ အငွေ့အသက်နဲ့ ပရိသတ် အားပေးမှုအကြောင်းကို သိထားပါတယ်။ အခုတော့ ကျွန်တော်က လီဗာပူးကို ကိုယ်စားပြု ကစားခွင့် ရနေပါပြီ။ ဒီအတွက်လည်း အရမ်းကို စိတ်လှုပ်ရှားမိပါတယ်” လို့ ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။