အီတလီ စီးရီးအေ အင်အားကြီးကလပ် ဂျူဗင်တပ်ရဲ့ အပယ်ခံ ကွင်းလယ်လူ အာသာ မယ်လိုက ပရီးမီးယားလိဂ် အင်အားကြီးကလပ် လီဗာပူးထံ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားဖို့ သဘောတူညီမှု ရခဲ့ပြီးနောက် သူ့ရဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အင်္ဂလန်မြေဆီ လာနေပြီလို့ သိရပါတယ်။

လီဗာပူးက သူတို့အသင်းရဲ့ အဓိက ကွင်းလယ်လူ တဦး ဖြစ်သူ ဟန်ဒါဆန် တယောက် ထပ်မံ ဒဏ်ရာရရှိသွားပြီးနောက် အသင်းရဲ့ ကွင်းလယ်ပိုင်းမှာ ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် ရေတိုဖြေရှင်းမှု တခုအနေနဲ့ ဂျူဗင်တပ် ကနေ ထွက်ခွာခွင့် ရထားတဲ့ မယ်လိုကို ခေါ်ယူဖို့ ကြိုးပမ်းခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

 

လီဗာပူးက အာသာ မယ်လိုကို တရာသီအငှားနဲ့ ခေါ်ယူနိုင်ဖို့ ယမန်နေ့ ညပိုင်းမှ စတင်ကာ ဂျူဗင်တပ်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်ခဲ့တာ ဖြစ်ပြီး ယနေ့ နေ့လယ်ပိုင်းကို ရောက်မှသာ အာသာ မယ်လိုရဲ့ အပြောင်းအရွှေ့ အတွက် ဂျူဗင်တပ်နဲ့ရော ၊ ကစားသမားနဲ့ပါ သဘောတူညီမှု ရရှိခဲ့တာပါ။

နာမည်ကြီး သတင်းထောက် တဦး ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ လီဗာပူးက အာသာ မယ်လိုကို တရာသီ အငှားသက်သက်နဲ့သာ ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့တာ ဖြစ်ကြောင်း သိရပြီး အာသာ မယ်လိုဟာ လီဗာပူးနဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ အင်္ဂလန်နိုင်ငံဆီ လာရောက်နေပြီလို့လည်း ရိုမာနိုက ဆိုပါတယ်။

Photo Credit: Sky Sports

အာသာ မယ်လိုက ဘာစီလိုနာကနေ ဂျူဗင်တပ်ထံ ပြောင်းရွှေ့ခဲ့ပြီးနောက် ခြေစွမ်းကောင်းတွေ ပြသနိုင်ဖို့ ရုန်းကန်နေရသူ ဖြစ်ပေမယ့် အရည်အသွေးမြင့် ကွင်းလယ်လူ တဦး ဖြစ်တာကြောင့် လီဗာပူးအတွက် ကောင်းမွန်တဲ့ ကစားသမားသစ် ခေါ်ယူမှု တရပ် ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။