MySport Myanmar

ထွက်ခွာဖို့ နီးစပ်နေသူ ဒီလစ်နေရာမှာ ကူလီဘလီနဲ့ အစားထိုးသွားမယ့် ဂျုဗင်တပ်စ်

အီတလီ စီးရီးအေ ထိပ်သီးကလပ် ဂျုဗင်တပ်စ်အသင်း ဒီနွေဈေးကွက်အတွင်းမှာ အသင်းကနေ ထွက်ခွာသွားဖို့ သေချာသလောက်ကို ရှိနေပြီဖြစ်တဲ့ နယ်သာလန် နောက်ခံကစားသမား ဒီလစ်နေရာမှာ ပြန်လည်အစားထိုးဖို့အတွက် စီးရီးအေပြိုင်ဘက် နာပိုလီအသင်းရဲ့ အဓိကခံစစ်မှူး ကူလီဘလီကို main target အဖြစ် ပစ်မှတ်ထားနေတယ်လို့ ဖာဘရီဇီယိုရိုမာနိုကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Goal

နယ်သာလန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမားလေး ဒီလစ်ကို လက်ရှိမှာ ဘိုင်ယန်မြူးနစ်နဲ့ ချယ်လ်ဆီးအသင်းတွေကနေ အပြိုင်အဆိုင် စိတ်ဝင်စားနေကြပြီး အခုအချိန်ထိ အဲ့ဒီအသင်းတွေက ဒီလစ်အတွက် တရားဝင် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်ထားခြင်း မရှိသေးဘူးလို့ သိရပါတယ်။ ဒီလစ်ကလည်း ဒီနှစ်နွေမှာ ဂျုဗင်တပ်စ်အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိနေတဲ့အတွက် အသင်းဘက်ကနေ သူ့ကို ဆက်လက်ထိန်းသိမ်းထားဖို့ထက် ထိုက်သင့်တဲ့ ကမ်းလှမ်းမှုတစ်ရပ် ရရှိလာချိန် ရောင်းထုတ်သွားဖွယ်သာ ရှိနေပါတယ်။ ဒါကြောင့်လည်း ဂျုဗင်တပ်စ်က ဒီလစ်အတွက် ချယ်လ်ဆီးနဲ့ ဘိုင်ယန်တို့ရဲ့ တရားဝင် ကမ်းလှမ်းမှုကို စောင့်ဆိုင်းနေရတာ ဖြစ်ပါတယ်။

Photo Credit : Sports Illustrated

တကယ်လို့သာ ဒီလစ်က အသင်းကနေ ထွက်ခွာသွားခဲ့မယ်ဆိုရင် စီးရီးအေ အတွေ့အကြုံကောင်းတွေ ပိုင်ဆိုင်ထားပြီး ကမာ္ဘ့အဆင့် ခြေစွမ်းမျိုးလည်း ရှိနေတဲ့ နာပိုလီ နောက်ခံလူ ကူလီဘလီကို ဂျုဗင်တပ်စ်က ခေါ်ယူသွားချင်နေပါတယ်။ ဆီနီဂေါအသင်းခေါင်းဆောင်ကြီး ကူလီဘလီဟာ နာပိုလီအသင်းနဲ့ စာချုပ်သက်တမ်း တစ်နှစ်သာ ကျန်ရှိနေတော့တာ ဖြစ်သလို အသင်းနဲ့ သက်တမ်းတိုးဖို့လည်း သဘောတူညီမှု မရရှိထားလို့ ဒီနွေမှာပဲ နာပိုလီနဲ့ သေချာပေါက် လက်တွဲဖြုတ်ဖွယ် ရှိနေပါတယ်။ ကူလီဘလီကို ဂျုဗင်တပ်စ်အပြင် ဘာစီလိုနာနဲ့ ချယ်လ်ဆီးတို့ကလည်း စိတ်ဝင်စားနေကြပြီး ကစားသမားကိုယ်တိုင်ကတော့ သူရဲ့ နာပိုလီအသင်းအပေါ် ချစ်မြတ်နိုးစိတ်ကြောင့် ဂျုဗင်တပ်စ်ကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိပဲ ဖြစ်နေပါတယ်။ ဒါပေမယ့် ဂျုဗင်တပ်စ်ကတော့ ကူလီဘလီကို အသင်းရဲ့ အဓိကပစ်မှတ်အဖြစ် သတ်မှတ်ထားတာကြောင့် ဒီလစ်ကို မဆုံးရှုံးခင်မှာပဲ ကူလီဘလီရဲ့ အေးဂျင့်နဲ့ တွေ့ဆုံသွားပြီး အပြောင်းအရွှေ့ကိစ္စတွေ ဆွေးနွေးသွားဖို့ပါ ပြင်ဆင်နေပါတယ်။ ဂျုဗင်တပ်စ်အသင်းဟာ ဒီဈေးကွက်အတွင်း အသင်းရဲ့ ဝါရင့်နောက်ခံလူကြီး ချီလီနီကို လက်လွတ်ထားခဲ့ရသလို အခုလည်း ဒီလစ်ကိုပါ ဆုံးရှုံးရမယ့် အခြေအနေတွေကြောင့် ခံစစ်ပိုင်းကို ပြန်လည်အားဖြည့်ဖို့ လိုအပ်နေပြီး လက်ရှိမှာတော့ ကူလီဘလီအပြင် အာဆင်နယ် နောက်ခံလူ ဂါဘရီရယ်ကိုပါ အလိုရှိနေပါတယ်။

Exit mobile version