ပရီးမီးယားလိဂ် နာမည်ကြီးကလပ် မန်ချက်စတာ ယူနိုက်တက်ကနေ အသင်းပြောင်းခွင့် တောင်းခံထားတဲ့ ပေါ်တူဂီကြယ်ပွင့် ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်ကတော့ သူ့ရဲ့ ကစားသမားကို ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့နိုင်အောင် အစွမ်းကုန် ကြိုးပမ်းနေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြသွားကြပါတယ်။

အသက် ၃၇နှစ် အရွယ် ပေါ်တူဂီ အသင်းခေါင်းဆောင် တိုက်စစ်မှူး ရိုနယ်ဒိုက ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ဂျူဗင်တပ်ကနေ အသင်းဟောင်း မန်ချက်စတာ ယူနိုက်တက်ထံ ပြန်လည် ပြောင်းရွှေ့လာခဲ့ကာ အသင်းရဲ့ ဂိုးသွင်းအများဆုံး ကစားသမား ဖြစ်ခဲ့ပေမယ့် မန်ချက်စတာ ယူနိုက်တက်ဟာ ချန်ပီယံလိဂ်ဝင်ခွင့် မရခဲ့တာကြောင့် ယခု နွေဈေးကွက် အတွင်းမှာ ချန်ပီယံလိဂ်ဝင်ခွင့် ရထားတဲ့ ဥရောပ ထိပ်သီးအသင်း တသင်းဆီ ပြောင်းရွှေ့ဖို့ စိတ်ကူးရှိနေသူပါ။

Photo Credit: Daily Mail

လက်ရှိမှာတော့ ဥရောပ ထိပ်သီးအသင်းတွေ အနက် ဘိုင်ယန်မြူးနစ်နဲ့ အက်သလက်တီကို မက်ဒရစ် နှစ်သင်းထဲကသာ ရိုနယ်ဒိုကို ခေါ်ယူဖို့ စိတ်ဝင်စားနေပြီး ရိုနယ်ဒိုကတော့ အသင်းဟောင်း ရီးရဲလ်မက်ဒရစ်ရဲ့ မြို့ခံပြိုင်ဘက် အက်သလက်တီကို မက်ဒရစ်ထက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့ကာ သူ မကစားဖူးသေးတဲ့ ဂျာမန်လိဂ်မှာ ကစားဖို့ ပိုမို စိတ်ဝင်စားနေပါတယ်။

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Give Me Sportsရဲ့ ပင်တိုင် သတင်းထောက် တယ်ရီရဲ့ ဖော်ပြချက်အရ ဘိုင်ယန်မြူးနစ်ရဲ့ ကြယ်ပွင့် တိုက်စစ်မှူး လီဝမ်ဒေါစကီး တယောက် ဘာစီလိုနာဆီ ပြောင်းရွှေ့ဖို့ သေချာခဲ့ပြီးနောက် ရိုနယ်ဒိုရဲ့ အေးဂျင့်ဖြစ်သူ ဂျော့စ် မန်ဒက်က ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေနဲ့ ချိတ်ဆက်ကာ ရိုနယ်ဒို တယောက် ဘိုင်ယန်မြူးနစ်ဆီ ပြောင်းရွှေ့နိုင်အောင် အစွမ်းကုန် ကြိုးပမ်းပေးနေပြီး မန်ချက်စတာ ယူနိုက်တက်ကလည်း ရိုနယ်ဒိုကို ဘိုင်ယန်မြူးနစ်ဆီ သင့်တော်တဲ့ ပြောင်းရွှေ့ကြေး တရပ်နဲ့ ရောင်းချဖို့ ရှိနေကြောင်း သိရပါတယ်။

Photo Credit: Daily Mail

ဘိုင်ယန်မြူးနစ်ရဲ့ တာဝန်ရှိသူတွေ ကြားမှာတော့ ရိုနယ်ဒိုရဲ့ အပြောင်းအရွှေ့နဲ့ ပတ်သတ်ပြီး အမြင်တွေ ကွဲပြားနေကာ ဘိုင်ယန်မြူးနစ်ရဲ့ အဓိက တာဝန်ရှိသူ တဦး ဖြစ်တဲ့ အိုလီဗာခန်က ရိုနယ်ဒိုကို မခေါ်ယူချင်ပဲ ဘိုင်ယန်မြူးနစ်နည်းပြ နစ်ဂယ်စမန်းကတော့ ရိုနယ်ဒိုနဲ့ လက်တွဲချင်နေတာကြောင့် ဘိုင်ယန်မြူးနစ်ဟာ ရိုနယ်ဒိုကို ခေါ်ယူနိုင်ချေ ရှိနေကြောင်းလည်း နာမည်ကြီး သတင်းထောက် ဖာဘရီဇီယို ရိုမာနိုက ဆိုပါတယ်။