အစ်ဝစ်ချ်တောင်းအသင်းကို ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပို့ဆောင်ပေးနိုင်ခဲ့တဲ့ နည်းပြ ကီရန် မက်ကန်နာဟာ လစ်လပ်လျက် ရှိနေတဲ့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြရာထူးကို ရယူသွားဖို့အတွက် ဆန္ဒရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

ချယ်လ်ဆီးအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှ အသင်းနဲ့ လက်တွဲခဲ့တဲ့ နည်းပြ မော်ရစ်စီယို ပိုချက်တီနိုကို ရာသီအကုန်မှာပဲ လက်တွဲဖြုတ်လိုက်တာကြောင့် လာမယ့်ရာသီအတွက် နည်းပြသစ်တစ်ဦးက မဖြစ်မနေ လိုအပ်လာခဲ့ရပါတယ်။ အဲ့ဒီအတွက်လည်း ချယ်လ်ဆီးက မက်ကန်နာ ၊ ဒီဇာဘီနဲ့ သောမတ်စ် ဖရန့်တို့ကို စိတ်ဝင်စားလာခဲ့ပါတယ်။

Photo Credit : Opta Analyst

တကယ်တော့ ချယ်လ်ဆီးအသင်းရဲ့ နည်းပြရေဒါထဲမှာ နည်းပြ (၁၀)ဦးဝန်းကျင်လောက်အထိ ရှိနေပေမယ့်လည်း တချို့နည်းပြတွေကတော့ သူတို့ရဲ့ လက်ရှိအသင်းတွေနဲ့သာ ဆက်လက် လက်တွဲဖို့ကိုသာ အာရုံစိုက်ထားတာမို့ ချယ်လ်ဆီးအနေနဲ့ သူတို့ဆီ ရောက်လာနိုင်မယ့် နည်းပြတွေကိုသာ ပိုမို ကြိုးပမ်းလာခဲ့ပါတယ်။

လက်ရှိမှာတော့ ချယ်လ်ဆီးအသင်းရဲ့ တာဝန်ရှိသူတွေက အသက် (၃၈)နှစ်သာ ရှိသေးပြီး နည်းပြသက်တမ်း အတော်လေး နည်းပါးသေးတဲ့ မြောက်အိုင်ယာလန် နိုင်ငံသား နည်းပြ မက်ကန်နာကို အတော်လေး သဘောကျလို့နေပါတယ်။ မက်ကန်နာဟာ စပါးနဲ့ မန်ယူနိုက်တက်အသင်းတို့မှာ လူငယ်နည်းပြ ၊ ယူနိုက်တက်ရဲ့ လက်ထောက်နည်းပြတို့အဖြစ် ဆောင်ရွှက်ဖြစ်ခဲ့ပါသေးတယ်။

Photo Credit : Goal

၂၀၂၁ခုနှစ်မှသာ အစ်ဝစ်ချ်အသင်းဆီကို နည်းပြချုပ်အဖြစ် ရောက်ရှိလာခဲ့တာဖြစ်ပြီး ပထမဆုံးရာသီမှာပဲ အသင်းကို အခြေအနေဆိုးတစ်ခုကနေ ကယ်တင်ပေးနိုင်ခဲ့သလို နောက်တစ်ရာသီမှာတော့ လိဂ်ဝမ်းကနေ ချန်ပီယံရှစ်ဆီ ပို့ဆောင်ခဲ့ပြီး တတိယမြောက်ရာသီမှာလည်း ချန်ပီယံရှစ်ကနေ ပရီးမီးယားလိဂ်ဆီပါ ထပ်မံ ပို့ဆောင်ပေးနိုင်ခဲ့ပြန်ပါတယ်။ ဒီလို စွမ်းဆောင်မှုကြောင့်ပဲ မက်ကန်နာကို ပရီးမီးယားလိဂ် ကလပ်အသင်းတွေက စိတ်ဝင်စားလာကြတာ ဖြစ်ပါတယ်။

မက်ကန်နာကို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲမှာ ချယ်လ်ဆီးအပြင် သူ့အသင်းဟောင်း ယူနိုက်တက်လည်း ပါဝင်နေပါတယ်။ ဒါပေမယ့် နောက်ဆုံးထွက်ပေါ်ထားတဲ့ သတင်းတွေအရတော့ မက်ကန်နာက ချယ်လ်ဆီးကို ကိုင်တွယ်ဖို့သာ ဆန္ဒရှိနေပြီး သူရဲ့ကလပ် အစ်ဝစ်ချ်အသင်းကိုပါ အကြောင်းကြားထားခဲ့တယ်လို့ သိရပါတယ်။