ကမ္ဘာပေါ်မှာ လူကြိုက်အများဆုံး MMAပြိုင်ပွဲတခု ဖြစ်တဲ့ UFCပြိုင်ပွဲရဲ့ နာမည်ကြီး ဖိုက်တာ မက်ဂရီဂေါ် ကတော့ လာမယ့် ဇူလိုင်လ ၁၀ရက်နေ့မှာ ထိုးသတ်ရမယ့်ပွဲစဉ် အတွက် သူ့ရဲ့ပြိုင်ဘက် ဖြစ်သူ ပိုင်ရီယာကို စောစောစီးစီး သေတော့မယ် ဆိုပြီး သတိပေး ပြောဆိုမှုတွေ ပြုလုပ်သွားပါတယ်။

လက်ဗီးဂတ်မြို့မှာ ကျင်းပမယ့် အဆိုပါပွဲစဉ်ဟာ ပိုင်ရီယာနဲ့ မက်ဂရီဂေါ်တို့ရဲ့ တတိယအကြိမ်မြောက် ထိပ်တိုက် တွေ့ဆုံမှု ဖြစ်ပြီး ယခင်နှစ်ကြိမ် တွေ့ဆုံမှုမှာ မက်ဂရီဂေါ်က တကြိမ် နိုင်ထားသလို ပိုင်ရီယာကလဲ တကြိမ် အနိုင်ရရှိထားပါတယ်။

Photo Credit: Express

ဒါကြောင့်ပဲ ယခုတကြိမ် တွေ့ဆုံမယ့်ပွဲစဉ်ဟာ သူတို့နှစ်ဦးမှာ ဘယ်သူက ပိုကောင်းတဲ့ ဖိုက်တာလဲ ဆိုတာကို ဆုံးဖြတ်ပေးမယ့် ပွဲစဉ်တပွဲ ဖြစ်သလို အဆိုပါပွဲမှာ အနိုင်ရတဲ့သူဟာ UFC Lightweight ရွှေခါးပတ်လုပွဲကို ထိုးသတ်နိုင်မယ့် အခွင့်အရေးကို ရရှိမှာ ဖြစ်တာကြောင့် နှစ်ဦးစလုံးဟာ အဆိုပါပွဲအတွက် အစွမ်းကုန် ပြင်ဆင် နေကြပါတယ်။

အဆိုပါပွဲမတိုင်မီ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးတွေမှာတော့ မက်ဂရီဂေါ်နဲ့ ပိုင်ရီယာတို့ဟာ တဦးနဲ့ တဦး စကားစစ်ထိုးမှုတွေ ပြုလုပ်ခဲ့ကြသလို အငြင်းပွားစရာ စကားတွေလည်း ပြောကြားခဲ့တာကြောင့် သူတို့နှစ်ဦးရဲ့ ကြားမှာ မကျေလည်မှုတွေက ပိုပိုပြီးတော့ များပြားလာပါတယ်။

Photo Credit: Express

အခုချိန်မှာတော့ အိုင်ယာလန်သားကြီး မက်ဂရီဂေါ်က ပိုင်ရီယာကို သတိပေးပြောဆိုမှု တခုကို သူ့ရဲ့ ပရိသတ် ၈သန်းကျော် ရှိတဲ့ တွစ်တာအကောင့် ကနေ တင်သွားခဲ့ပြီး အဆိုပါပို့စ်မှာတော့ မက်ဂရီဂေါ်က ပိုင်ရီယာကို စောစောစီးစီး သေချင်နေတဲ့ကောင် ဆိုပြီး ကြိမ်းမောင်းသွားပါတယ်။

ပိုင်ရီယာနဲ့ သူ့ရဲ့ တတိယအကြိမ်မြောက် ရင်ဆိုင် ထိုးသတ်မယ့်ပွဲနဲ့ ပတ်သတ်ပြီး မက်ဂရီဂေါ်က – “ ငါနဲ့ ၃ပွဲ အထိ တိုက်ခိုက်တဲ့ ဘယ်သူမဆို စောစောစီးစီး သေမှာပဲ။ မင်းကို ဘုရားသခင် စောင့်ရှောက်ပါစေ “ ဆိုပြီး သူ့ရဲ့ တွစ်တာအကောင့်မှာ တင်ခဲ့တာ ဖြစ်ကာ အဆိုပါပို့စ်နဲ့ ပတ်သတ်ပြီး ပိုင်ရီယာနဲ့ မက်ဂရီဂေါ်တို့ ကြားမှာ အမုန်းတရားတွေက ပိုမို ကြီးထွားလာနေပါတယ်။