အတိုက်အခိုက်ပြိုင်ပွဲတွေထဲမှာ နာမည်အကြီးဆုံး ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFCပြိုင်ပွဲရဲ့ ပရိသတ်အားပေးမှု အများဆုံး ဖိုက်တာတစ်ဦးဖြစ်တဲ့ ကော်နာ မက်ဂရီဂေါ်ကတော့ လတ်တလောမှာ ဂလေဇာမိသားစုက ရောင်းချတော့မယ်လို့ သတင်းကြီးနေတဲ့ ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်အသင်းကို ဝယ်ယူချင်ကြောင်း ဖွင့်ဟပြောကြား လာခဲ့ပါတယ်။ အသက် ၃၂နှစ် အရွယ်သာ ရှိသေးတဲ့ အိုင်ယာလန်လူမျိုး မက်ဂရီဂေါ်ဟာ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်တစ်ဦး ဖြစ်ပြီး ပိုက်ပြင်သမားတစ်ဦး အဖြစ် အသက်မွေးဝမ်းကြောင်း ပြုခဲ့ချိန်မှာ ဝယ်ယူကာ ဝတ်ဆင်ခဲ့တဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဝတ်စုံတစ်စုံ အကြောင်းကို အင်တာဗျူးတစ်ခုမှာ ပြောပြခဲ့တဲ့အထိ မန်ချက်စတာ ယူနိုက်တက်အသင်းကို အားပေးတဲ့လူပါ။

Photo Credit: Mirror

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းပိုင်ရှင် ဖြစ်တဲ့ ဂလေဇာမိသားစုဟာ ဥရောပစူပါလိဂ်ပြိုင်ပွဲကို ကျင်းပဖို့ အတွက် ကြိုးပမ်းခဲ့တာကြောင့် ပြင်းထန်တဲ့ ဝေဖန်မှုတွေကို ခံနေရသလို မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ပရိသတ်တွေကလည်း ဂလေဇာမိသားစုကို ပြင်းထန်တဲ့ ဆန္ဒပြကန့်ကွက်မှုတွေ ပြုလုပ်နေတာကြောင့် ဂလေဇာမိသားစုဟာ မန်ချက်စတာ ယူနိုက်တက်အသင်းကို ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ရောင်းချဖွယ်ရှိကြောင်း သတင်းတွေ ကျယ်ပြန့်စွာ ထွက်ပေါ်နေပါတယ်။ ဒါ့အပြင် အင်္ဂလန် အခြေစိုက် နာမည်ကြီး သတင်းဌာန တစ်ခုဖြစ်တဲ့ Sky Sports သတင်းဌာနကလည်း စူပါလိဂ်ပြိုင်ပွဲကို ဝင်ရောက် ယှဉ်ပြိုင်ဖို့ ကြိုးစားခဲ့တဲ့ ပရီးမီးယားလိဂ် အသင်းကြီး၆သင်းအနက် တစ်သင်းရဲ့ ပိုင်ရှင်ဟာ သူ့ရဲ့အသင်းကို ရောင်းချဖို့ အထိ စဉ်းစားနေကြောင်း ဖော်ပြထားတာကြောင့် အဆိုပါအသင်းဟာ မန်ချက်စတာ ယူနိုက်တက်အသင်း ဖြစ်နိုင်ကြောင်း သုံးသပ်မှုတွေလည်း ရှိပါတယ်။

Photo Credit: Mirror

မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အမာခံ ပရိသတ်ဖြစ်သူ မက်ဂရီဂေါ်ဟာ အခြားသော ပရိသတ်များနည်းတူ အသင်းပိုင်ရှင်ဖြစ်တဲ့ ဂလေဇာမိသားစုကို သဘောမကျတဲ့ လူတစ်ဦး ဖြစ်ပြီး ဂလေဇာမိသားစုက မန်ချက်စတာ ယူနိုက်တက်အသင်းကို ရောင်းချဖို့ သတင်း ထွက်လာချိန်မှာ “ဟေ့လူတွေ… ငါကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းကို ဝယ်ဖို့ စဉ်းစားနေပြီ… မင်းတို့ရော ဘယ်လိုထင်ကြလဲ” ဆိုပြီး သူ့ရဲ့ တွစ်တာအကောင့်မှာ ရေးတင်ခဲ့ကာ မန်ချက်စတာ ယူနိုက်တက် ပရိသတ်တွေကတော့ မက်ဂရီဂေါ်ကို အသင်းပိုင်ရှင်သစ် နေရာမှာ မြင်ချင်နေကြပါတယ်။ ဒါပေမယ့် နာမည်ကြီး မဂ္ဂဇင်းတစ်ခု ဖြစ်တဲ့ Forbesရဲ့ ဖော်ပြချက်အရ မက်ဂရီဂေါ်ရဲ့ ကြွယ်ဝချမ်းသာမှုဟာ ပေါင် ၂၀၀သန်း ဝန်းကျင်သာ ရှိတာကြောင့် လက်ရှိ ကာလတန်ကြေး ပေါင် ၄ဘီလီယံအထိ ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းကို မက်ဂရီဂေါ်အနေနဲ့ ဝယ်ယူနိုင်ဖို့ဟာ မဖြစ်နိုင်ကြောင်း ဘဏ္ဏာရေးကျွမ်းကျင်သူတွေက သုံးသပ်ထားကြပါတယ်။