ကမ္ဘာပေါ်မှာ နာမည်အကြီးဆုံး Mixed Martial Arts ပြိုင်ပွဲတခု ဖြစ်တဲ့ UFCပြိုင်ပွဲရဲ့ နာမည်ကြီး ကစားသမား မက်ဂရီဂေါ်ကတော့ ကမ္ဘာ့ Boxing လောကမှာ ချန်ပီယံဆု များစွာကို ရယူထားနိုင်တဲ့ နာမည်ကြီး ဖိလစ်ပိုင် လက်ဝှေ့သမား မန်နီ ပက်ကွီအိုနဲ့ ထိုးသတ်ဖို့ အတွက် စီစဉ်နေကြောင်း မက်ဂရီဂေါ်နဲ့ နီးစပ်သူတွေက ဖွင့်ဟ ပြောကြားသွားပါတယ်။

အသက် ၃၂နှစ် အရွယ် အိုင်ယာလန်လူမျိုး မက်ဂရီဂေါ်ဟာ UFCပြိုင်ပွဲရဲ့ နာမည်ကြီး ကစားသမား တဦး ဖြစ်ပြီး ပရိသတ် အခိုင်အမာကို ပိုင်ဆိုင်ထားကာ သူ့ရဲ့ ထိုးသတ်ပုံကလည်း Stand Fight ကို အဓိကထား ကစားတဲ့ ကစားဟန်ပါ။

Photo Credit: Cutch Points

ဒါကြောင့်ပဲ မက်ဂရီဂေါ်ဟာ နာမည်ကြီး လက်ဝှေ့သမား မေဝဲလ်သာနဲ့ အလွတ်တန်းပွဲစဉ် တပွဲ ယှဉ်ပြိုင် ထိုးသတ်ခဲ့တာ ဖြစ်ပြီး အဆိုပါပွဲစဉ်မှာ မက်ဂရီဂေါ်အနေနဲ့ အရှုံးပေးခဲ့ရပေမယ့် သူ့ရဲ့ ထိုးသတ်ပုံက အတော်လေးကို ကောင်းမွန်ခဲ့ကာ ပရိသတ်တွေ အကြိုက်တွေ့ခဲ့ပါတယ်။

လက်ရှိမှာတော့ မက်ဂရီဂေါ်ဟာ ဖိလစ်ပိုင် လက်ဝှေ့ကျော် ပက်ကွီအိုနဲ့ ထိုးသတ်ဖို့ ဆန္ဒရှိနေပြီး ပက်ကွီအိုရဲ့ အေးဂျင့်တွေနဲ့ မက်ဂရီဂေါ်ရဲ့ အေးဂျင့်တို့ကြားမှာ တွေ့ဆုံ ဆွေးနွေးမှုတွေ ပြုလုပ်ထားကာ ပက်ကွီအိုနဲ့ မက်ဂရီဂေါ်တို့ရဲ့ အလွတ်တန်း ထိုးသတ်မယ့် ပွဲစဉ်ကို ကျင်းပဖို့ စတင် စီစဉ်နေပါတယ်။

Photo Credit: Cutch Points

ဒါပေမယ့် ပက်ကွီအိုနဲ့ မထိုးသတ်မီ မက်ဂရီဂေါ်ဟာ သူ ဆုံးရှုံးထားရတဲ့ UFC Lightweight ရွှေခါးပတ်ကို ပြန်လည် ရယူမှာ ဖြစ်ကာ အဆိုပါ ရွှေခါးပတ်ကို ပြန်ယူနိုင်မှသာ မက်ဂရီဂေါ်နဲ့ ပက်ကွီအိုတို့ရဲ့ ပွဲစဉ်ဟာ ဖြစ်မြောက်ဖို့ ရာခိုင်နှုန်း များလာမှာလည်း ဖြစ်ပါတယ်။ မက်ဂရီဂေါ်ဟာ လက်ရှိမှာတော့ သူ့ရဲ့ အစဉ်အလာပြိုင်ဘက် ပိုင်ရီယာနဲ့ တတိယအကြိမ်မြောက် မကျေပွဲကို ထိုးသတ်ရဖို့ ရှိနေပြီး အဆိုပါပွဲစဉ်ကို အနိုင်ရမှသာ UFC Lightweight ခါးပတ်လုပွဲကို ထိုးသတ်ခွင့် ရမှာပါ။

မက်ဂရီဂေါ်ရဲ့ လေ့ကျင့်ဖော်လည်းဖြစ် ၊ မိတ်ဆွေလည်း ဖြစ်တဲ့ လိုဘော့ဂ်ကတော့ မက်ဂရီဂေါ်ဟာ ပက်ကွီအိုနဲ့ ထိုးသတ်မယ့် ပွဲစဉ်အား ပရိသတ်တွေ ပိုမို စိတ်ဝင်စားလာအောင် UFC Lightweight ခါးပတ်ကို အရယူဖို့ ဆန္ဒရှိနေကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ပြောကြား သွားပါတယ်။ လိုဘော့ဂ်က – “သူ (မက်ဂရီဂေါ်) က သူ့ရဲ့ ခါးပတ်ကို ပြန်ယူချင်နေပါပြီ။ အဲ့ဒီခါးပတ်က သူနဲ့ ပက်ကွီအိုတို့ ထိုးသတ်မယ့် ပွဲစဉ်ကို ပိုပြီး ကြီးကျယ်အောင် လုပ်ပေးနိုင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။