UFC အကျော်အမော် ကစားသမား တစ်ဦးဖြစ်တဲ့ ကော်နာမက်ဂရီဂေါ က ခါဘစ်ဟာ သူနဲ့ ပြန်လည် ယှဉ်ပြိုင်ထိုးသတ်ရင် ရှုံးမှာ သေချာနေတာကြောင့် အနားယူသွားခဲ့တာ ဖြစ်ကြောင်း သဲလွန်စ တစ်ခုပေးကာ ပြောကြားသွားခဲ့ပါတယ်။ ၂၀၁၈ ခုနှစ် အောက်တိုဘာလက ထိုးသတ်ခဲ့တဲ့ UFC 229 ပွဲစဉ်မှာတော့ ခါဘစ်က မက်ဂရီဂေါကို အနိုင်ယူ နိုင်ခဲ့ပါတယ်။ ဒါပေမယ့်လည်း အဆိုပါအချိန်မှ စတင်ကာ မက်ဂရီဂေါဟာ ခါဘစ်သာ သူနဲ့ နောက်တစ်ကြီမ် ထိုးသတ်ရင် သူသာ သေချာပေါက် အနိုင်ရမယ်ဆိုပြီး ကြုံးဝါးထားတာ ဖြစ်ပါတယ်။

Photo Credit: Talksport

တစ်ခါမှ ရှုံးနိမ့်ဖူးခြင်း မရှိသေးတဲ့ ခါဘစ်ကတော့ UFC 254 ပွဲစဉ်မှာ ဂျက်စတင် ဂတ်ဂျီနဲ့ ထိုးသတ်အပြီး သူ့အနေနဲ့ မိခင်ဖြစ်သူကို‌ နောက်ထပ် မထိုးသတ်တော့ဘူးလို့ ကတိပေးခဲ့တာကြောင့် အနားယူတော့မယ် ဆိုပြီး ကြေညာထားခဲ့သူပါ။ တွစ်တာ မှာ ပြုလုပ်တဲ့ အမေးအဖြေ အစီစဉ်မှာ ကော်နာ မက်ဂရီဂေါဟာ ခါဘစ် အနေနဲ့ အနားယူသွားရတဲ့ အကြောင်းအရင်း နောက်တစ်ခု ရှိသေးတယ်လို့လည်း ဆိုထားပါတယ်။ “ ခါဘစ်ဟာ တော်တော်ထူးခြားတဲ့ ဖိုက်တာ တစ်ဦးပါ။ ဒီကိစ္စနဲ့ ပတ်သတ်ပြီး ငါ့မှာ အဖြေတစ်ခု ရှိတယ်။ အဲ့ဒါကို သူတို့ သိပါတယ် ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

Photo Credit: Talksport

မက်ဂရီဂေါ်ဟာ အမြဲတမ်းလိုလို သူနဲ့ ထိုးသတ်တဲ့ ပြိုင်ဘက်တွေကို ပွဲမစခင်မှာ “ပွဲပြီးရင် ဘာဖြစ်လာမလဲ ဆိုတာ မင်းတို့ သိပါတယ်” ဆိုပြီး ပြောလေ့ရှိသူ တစ်ဦးဖြစ်ကာ ခါဘစ်ကို မက်ဂရီဂေါ် ပြောလိုက်တဲ့ စကားဟာ ခါဘစ်အနေနဲ့ သူနဲ့ ယှဉ်ပြိုင်ထိုးသတ်ရင် ရှုံးမှာကြောက်လို့ အနားယူသွားတာ ဆိုတဲ့ အဓိပ္ပါယ် ပေါက်နေကြောင်း မက်ဂရီဂေါ်ရဲ့ အကြီးစား ပရိသတ်တွေနဲ့ UFC အသိုင်းအဝိုင်းရဲ့ နာမည်ကြီး ကြေညာသူတွေက ယူဆ ထားကြပါတယ်။ UFC ပရိသတ်တွေ ကတော့ ခါဘစ် အနားမယူခင်မှာ မက်ဂရီဂေါ်နဲ့ ခါဘစ်တို့ရဲ့ မကျေပွဲကို ပြန်လည် မြင်တွေ့လိုနေပြီး UFC ဥက္ကဠ ဒါနာ ဝှိုက်ကတော့ ကြိုးဝိုင်းတွေထဲကို ခါဘစ် ပြန်လာဖို့ မျှော်လင့်နေပါတယ်။ “ သူ အဲ့ဒီ ပွဲအပြီးမှာ စိတ်ခံစားချက်တွေ အတော်လေးပြင်းထန်နေခဲ့တာကို မြင်တွေ့ခဲ့ရပါတယ်။ ကျွန်တော် သူ ပွဲ ၃၀ အထိ နိုင်မယ်လို့ ကျွန်တော် ၁၀၀ ရာခိုင်နှုန်း မပြောလိုပါဘူး။ ဒါပေမယ့် သူလုပ်နိုင်မယ်ဆိုတဲ့ ခံစားချက် ကျွန်တော့်မှာ ရှိပါတယ် ” ဆိုပြီး ဒါနာဝှိုက်က အင်တာဗျူးတစ်ခုမှာ ပြောခဲ့ပါတယ်။