UFC ရဲ့ နာမည်ကြီး ဖိုက်တာတွေဖြစ်ကြတဲ့ အိုင်းရစ်ရှ် ဖိုက်တာကြီး ကော်နာ မက်ဂရီဂေါ နဲ့ အမေရိကန် ဖိုက်တာကြီး ဒက်စတင် ပေါ်ရီရေး တို့နှစ်ဦးဟာ ဒီတစ်ပတ် စနေနေ့မှာ UFC 257 ရဲ့ အဓိက ပွဲစဉ်အဖြစ် အဘူဒါဘီ မြိုမှာ မကျေပွဲပြန်လည် ထိုးသတ်သွားမှာ ဖြစ်ပါတယ်။ ဒီတစ်ကြိမ် တွေ့ဆုံတဲ့ ပွဲစဉ်မှာတော့ ကော်နာက ပေါ်ရီရေးကို အရင်ပွဲစဉ်နဲ့ မတူပဲ စက္ကန့် ၆၀ အတွင်း အလဲထိုးပြမယ်လို့ မီဒီယာတွေကို ကြုံးဝါး ပြောဆိုလိုက်ပါတယ်။ ကော်နာ နဲ့ ‌ပေါ်ရီရေး တို့နှစ်ဦး ပထမဆုံးအကြိမ် ထိုးသတ်ခဲ့တာ ကတော့ လွန်ခဲ့တဲ့ ခြောက်နှစ်က ကျင်းပခဲ့တဲ့ UFC 178 ပွဲစဉ်မှာ ဖြစ်ပြီးတော့ အဆိုပွဲစဉ်တုန်းကတော့ ကော်နာက ပေါ်ရီရေးကို နှစ်မိနစ် အတွင်း အလဲထိုးနိုင်ခဲ့ပြီးတော့ ဖယ်သာဝိတ်ချန်ပီယံ အဖြစ် ကြေညာနိုင်ခဲ့ပါတယ်။

Photo Credit: Sports Rush

အိုင်းရစ်ရှ်ဖိုက်တာကြီးကတော့ ဒုတိယမြောက်အကြိမ်မြောက် ထိုးသတ်မယ့် ပွဲစဉ်မှာတော့ ပွဲကို လျှင်လျှင်မြန်မြန်နဲ့ အဆုံးသတ်ဖို့ မျက်စိကျနေပြီး “ ကျွန်တော် ဒက်စတင် ကို စက္ကန့် ၆၀ အတွင်း အလဲထိုးပြမယ် ” ဆိုပြီး မီဒီယာတွေကို ပြောဆိုခဲ့ပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အမေရိကန် ဖိုက်တာ ဒက်စတင် ပေါ်ရီရေးဟာ ခါဘစ် ရဲ့ ချန်ပီယံ ခါးပတ်ကို မရယူနိုင်ခဲ့ပေမယ့်လည်း နောက်ဆုံး ထိုးသတ်ထားတဲ့ ၁၃ ပွဲမှာ ၁၀ ပွဲအထိ အနိုင်ယူထိုးသတ်နိုင်ခဲ့တဲ့ ဖိုက်တာ တစ်ဦးဖြစ်ပါတယ်။ ကော်နာ မက်ဂရီဂေါ က ဒက်စတင် ပေါ်ရီရေး တိုးတက်လာတာတွေကို မြင်ပေမယ့် သူ့ရဲ့ အဆင့်အတန်းကိုတော့ မမှီသေးဘူးလို့ အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော် ဒက်စတင် ကို ချစ်ပါတယ်။ သူက ဖိုက်တာကောင်း တစ်ဦးလို့ ကျွန်တော် ထင်ပါတယ် ”

Photo Credit: Sports Rush

“ ခင်ဗျားသိတယ်မလား ? သူက ပိုကောင်းတဲ့ ဖိုက်တာ တစ်ဦးဆိုရင်တောင် ဟုတ်ပါတယ်။ ဒါပေမယ့် ကောင်းတယ် ဆိုတဲ့ အတိုင်းအတာက ကျွန်တော့် အဆင့်အတန်းရဲ့ အောက်မှာပဲ ရှိပါသေးတယ် ” လို့ ပြောဆိုခဲ့ပါတယ်။ ကော်နာ ရဲ့ နည်းပြဖြစ်သူ အိုဝင် ရော်ဒီကလည်း ပေါ်ရီရေး နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားပါတယ်။ “ သူက နည်းစနစ်ပိုင်းအရ ကောင်းပါတယ်။ သူ့မှာ ကောင်းတဲ့ လက်သီး‌ထိုးချက်တွေရှိတယ်၊ သူက ခက်ခဲတယ်၊ သူက အကြမ်းခံနိုင်တယ်၊ ပြီးတော့ သူက အရှိန်အဟုန်နဲ့ ထိုးသတ်နိုင်ပါတယ်။ အဲ့ဒီအရာတွေ ပေါင်းစပ်မှုကပဲ သူ့ကို အောင်မြင်စေတာလို့ ကျွန်တော် ထင်ပါတယ်။ ဒါပေမယ့် သူ ပွဲတိုင်း အထိုးခံရပါတယ်။ လူတွေက ကော်နာလို မထိုးသတ်နိုင်ကြပါဘူး။ သူ့ရဲ့ ပြိုင်ဘက်ကလည်း ကော်နာလိုမျိုး မထိုးသတ်နိုင်ပါဘူး။ ကော်နာ လိုအပ်တာက စက္ကန့်ပိုင်းလေးပါပဲ။ သူသာ ခင်ဗျားကို တစ်ချက်မိမိရရ ထိုးမိလိုက်ရင် ခင်ဗျားသေချာပေါက် ကြိုးဝိုင်းကနေ ထွက်ရပြီပဲ။ ခင်ဗျားရဲ့ ခြေထောက်တွေ ယိမ်းယိုင်ပြီးတော့ အားနည်းလာမယ်၊ ပြီးတော့ အကယ်၍သာ အဲ့ဒီလို အားနည်းလာမယ်ဆိုရင် နောက်တစ်ဆင့်က ခင်ဗျားကို အဆုံးသတ်မယ့် အဆင့်ပဲ။ ပေါ်ရီရေးကလည်း ကြောက်စရာကောင်းတဲ့ ဖိုက်တာပါ။ အဲ့ဒီတော့ အချိန်ကပဲ စကားပြောသွားမယ် ထင်တယ်။ ကော်နာသာ သူ့ကို ထိုးလိုက်ရင် သူ ဘယ်လောက် တောင့်ခံနိုင်မှာမလို့လဲ ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။