MMA ပြိုင်ပွဲတွေထဲက နာမည်ကြီး လူကြိုက်အများဆုံး ကမ္ဘာကျော် ပြိုင်ပွဲတစ်ခုဖြစ်တဲ့ UFC ရဲ့ နာမည်ကြီး ဖိုက်တာ တစ်ဦး ဖြစ်တဲ့ ကော်နာ မက်ဂရီဂေါ က မကြာသေးခင်က ဖခင်ဖြစ်သူ ဆုံးပါးသွားတာကြောင့် ကစားသမား ဘဝကနေ အနားယူခဲ့တဲ့ ရုရှားဖိုက်တာကြီး ဖြစ်တဲ့ ခါဘစ် နဲ့ ပြန်လည်ထိုးသတ်ဖို့ အတွက် သူ့အနေနဲ့ ကြိုးစားသွားမှာ ဖြစ်ကြောင်းကို သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတစ်ခုဖြစ်တဲ့ တွစ်တာ မှာ ရေးသားခဲ့ပါတယ်။ ဒါပေမယ့်လည်း အခုချိန်မှာတော့ အဆိုပါပို့စ်ကို မက်ဂရီဂေါ အနေနဲ့ ပြန်ဖျက်သွားခဲ့ပြီ ဖြစ်ပါတယ်။ သို့ပေမယ့်လည်း ပရိသတ်တွေက အဆိုပါပို့စ်ကို မြင်လိုက်ကြပြီးတော့ လေ့လာ သုံးသပ်သူတွေ ကတော့ ဒါဟာ မက်ဂရီဂေါ အနေနဲ့ UFC ပရိသတ်တွေကို သဲလွန်စ ပေးတာ ဖြစ်နိုင်ကြောင်း သုံးသပ် ပြောဆိုလာကြပါတယ်။

Photo Credit: Express

အိုင်းရစ် ဖိုက်တာကြီး ကော်နာ မက်ဂရီဂေါ နဲ့ ရုရှား ဖိုက်တာကြီး ခါဘစ်တို့ နှစ်ဦးဟာ ၂၀၁၈ ခုနှစ် အောက်တိုဘာလ က ကျင်းပပြုလုပ်ခဲ့တဲ့ UFC 229 ပွဲစဉ်မှာ ယှဉ်ပြိုင် ထိုးသတ်ခဲ့ပြီးတော့ ခါဘစ်က မက်ဂရီဂေါ ကို စတုတ္ထအချီ ၃ မိနစ် နဲ့ ၃ စက္ကန့် မှာ ဒိုင်ပွဲရပ်နဲ့ အနိုင်ရရှိခဲ့ပါတယ်။ ကော်နာ အနေနဲ့ ထိုအချိန် ကတည်းက ရှုံးပွဲ အတွက် အခဲမကျေ ဖြစ်နေခဲ့တာ ဖြစ်ပြီးတော့ ‌ခါဘစ်နဲ့ ပြန်လည် ထိုးသတ်ဖို့ကို စိတ်အား ထက်သန်နေတာ ဖြစ်ပါတယ်။ ဒါပေမယ့်လည်း ခါဘစ်ကတော့ ပြီးခဲ့တဲ့ အောက်တိုဘာလက UFC 254 ပွဲစဉ်မှာ ဂျက်စတင် ဂတ်ဂျီ နဲ့ ထိုးသတ်အပြီးမှာ သူ့အနေနဲ့ အနားယူတော့မှာ ဖြစ်ကြောင်းကို ကြေညာခဲ့ပါတယ်။ သို့ပေမယ့်လည်း ပရိသတ် အများစုကတော့ ခါဘစ် အနေနဲ့ အချိန်တစ်ခုကျရင် ကြိုးဝိုင်းတွေ အပေါ်ကို တစ်ဖန် ပြန်တက်လာလိမ့်မယ်လို့ ယုံကြည်နေကြပါတယ်။

Photo Credit: Express

ကော်နာ ဟာ စနေနေ့မနက်ပိုင်းလောက်က သူ့ရဲ့ တွစ်တာ အကောင့်မှာ “ MeDanaAliGonnaGetcha ” ဆိုပြီး ရေးသားခဲ့ပါတယ်။ Me ဆိုတာက ကော်နာ အနေနဲ့ မိမိကိုယ်ကို ရည်ညွှန်းတာ ဖြစ်ပြီးတော့၊ Dana ကတော့ UFC ဥက္ကဌ ဒေနာဝှိုက်ကို ရည်ညွှန်းတာ ဖြစ်ကာ၊ Ali ဆိုတာကတော့ ခါဘစ်ရဲ့ မန်နေဂျာဖြစ်သူ အလီ အက်ဒဲလ်လာဇီ ကို ရည်ညွှန်းထားတာ ဖြစ်ပါတယ်။ ခါဘစ်အနေနဲ့ အနားယူ သွားခဲ့ပေမယ့် ကော်နာ နဲ့ UFC ဥက္ကဌဖြစ်သူ ဒေနာဝှိုက်တို့ နှစ်ယောက်ကတော့ ခါဘစ်ရဲ့ ဆုံးဖြတ်ချက်ကို ပြန်ပြင်နိုင်ဖို့ အတွက် ဖိအား‌ပေးလျက် ရှိနေပါတယ်။ ခါဘစ်ဟာ Fight Island မှာ ထိုးသတ်မယ့် ကော်နာ နဲ့ ဒက်စတင် ပေါ်ရီရေး တို့ နှစ်ဦး ရဲ့ UFC 257 ပွဲစဉ်ကို တက်ရောက် ကြည့်ရှုသွားဖို့ ရှိကြောင်းနဲ့ ဒေနာဝှိုက် နဲ့ အဆိုပါ ပွဲစဉ်မှာ တွေ့ဆုံသွားဖို့ ရှိကြောင်း ပြောဆိုထားပါတယ်။ ဒေနာဝှိုက်ကတော့ ‌ခါဘစ် နဲ့ ပတ်သက်ပြီး အခုလို ပြောဆိုထားပါတယ်။ “ အမှန်တော့ သူနဲ့ ပတ်သက်ပြီး ဘာကိုမှ အတိအကျ ပြောလို့မရသေးပါဘူး။ ‌သေချာပြောနိုင်တာကတော့ နောက်လကျရင် ကျွန်တော်နဲ့ သူ တွေ့ပါမယ်။ ကျွန်တော်တို့ နှစ်ယောက် အတူထိုင်ပြီးတော့ ကျွန်တော် သူ့ကို ဘယ်‌လောက် ဆွဲဆောင်နိုင်အောင် ပြောရမလဲ ဆိုတာကို အဖြေရှာရပါလိမ့်မယ် ” လို့ ပြောဆိုခဲ့ပါတယ်။