UFC ရဲ့ နာမည်ကြီး ဖိုက်တာ တစ်ဦးဖြစ်တဲ့ ကော်နာမက်ဂရီဂေါ ဟာ လာမယ့် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၂၃ ရက်နေ့မှာ ဒက်စတင်ပေါ်ရီရေး နဲ့ ထိုးသတ်ပြီး ပြိုင်ပွဲစင်ထက်ကို ပြန်တက်လာတော့မယ်လို့ သိရပါတယ်။ အသက် ၃၂ နှစ်ရှိပြီဖြစ်တဲ့ အိုင်းရစ်ရှ် ဖိုက်တာကြီးအနေနဲ့ အနားယူနေခဲ့တာဟာ ဇန်နဝါရီ ၁၉ ရက်နေ့က UFC 246 ပွဲစဉ်အဖြစ် ဒေါ်နယ်ဆီရိုနီ ကို အလဲထိုးသတ် အနိုင်ယူပြီးတဲ့ အချိန်တည်းက ဖြစ်ပါတယ်။ ကော်နာ ဟာ အဆိုပါပွဲစဉ်မှာ ဆီရိုနီ ကို စက္ကန့် ၄၀ တည်းနဲ့ အနိုင်ယူ ထိုးသတ်နိုင်ခဲ့တာ ဖြစ်ပြီး ဇွန်လ အရောက်မှာတော့ သူ့ရဲ့ ဆိုရှယ်မီဒီယာက တဆင့် မကြာမီ အနားယူတော့မည်ဖြစ်ကြောင်း ကြေညာခဲ့တာ ကြောင့် MMA တစ်လောကလုံး အံ့အားသင့်ခဲ့ရပါတယ်။

Photo Credit: Mirror

ဒါပေမယ့်လည်း အခုချိန်မှာတော့ ကော်နာ အနေနဲ့ ပေါ်ရီရေး နဲ့ ထိုးသတ်ဖို့ သဘောတူညီမှု စာချုပ်မှာ လက်မှတ်ထိုးပြီး သွားပြီ ဖြစ်ပါတယ်။ ကော်နာ နဲ့ ပေါ်ရီရေး ဟာ တစ်ချိန်က ပြိုင်ဘက်ဟောင်းတွေ ဖြစ်ကြပြီး ၂၀၁၄ ခုနှစ်က ကစားခဲ့တဲ့ UFC 178 ပွဲစဉ်မှာ ကော်နာက ပေါ်ရီရေး ပထမ အချီမှာတင် အလဲထိုးသတ်ပြီး အနိုင်ယူပြ ခဲ့ပါတယ်။ အချက်အလက်တွေ အရတော့ ကော်နာ နဲ့ ပေါ်ရီရေး ကြားထားရှိမယ့် ဝိတ်တန်းဟာ ၁၅၅ ပေါင် ဖြစ်ပြီးတော့ UFC ရဲ့ Fight Island ကျွန်းရှိရာ အဘူဒါဘီ မြို့မှာ ထိုးသတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ မက်ဂရီဂေါ‌ အနေနဲ့ ခန္ဓာကိုယ်ပြောင်းလဲမှုကို ခံယူအပြီး ပြီးခဲ့တဲ့လက ဆိုရှယ်မီဒီယာမှာ သတင်းကြီး တစ်ခု လာနေပြီ ဆိုပြီး တင်ခဲ့ပါတယ်။ ထိုအချိန်တည်းက ပရိသတ်တွေ အနေနဲ့ ကော်နာ တစ်ယောက် ထိုးသတ်ပွဲတွေ ဆီ ပြန်လာတော့မယ် ဆိုပြီး ခန့်မှန်း ခဲ့ကြပါတယ်။

Photo Credit: Mirror

ပေါ်ရီရေး နဲ့ ဒုတိယအကြိမ် ပြန်လည် ထိုးသတ်ရမယ့် အပေါ်ကို ကော်နာ က အခုလိုပဲ ပြောဆိုခဲ့ပါတယ်။ “ ကျွန်တော် ထိုးသတ်ပွဲတွေ ဆီ တဖန်ပြန်လာပြီး ကျွန်တော် ချစ်တဲ့ အရာကို ပြန်လုပ်ရတော့မှာ ဖြစ်တဲ့ အတွက် အတော်လေး ပျော်ရွှင်နေမိပါတယ်။ ဒက်စတင် အနေနဲ့ ပထမ ပွဲစဉ်တုန်းကရှုံးပွဲ သင်ခန်းစာ ကို ပြန်သင်ယူခဲ့ရင်တောင် ကျွန်တော်က ကျွန်တော့်မှာ ရှိသမျှ ထိုးသတ်မှု ပုံစံတွေ ကို ထုတ်ပြသွားမှာပါ။ ဘယ်လို တိုက်ကွက်မျိုးမဆို လိုအပ်ရင် အကုန် ထုတ်သုံးသွားမှာပါ။ သူ့ရဲ့ ငယ်ဘဝ မြို့မှာရှိတဲ့ မသန်စွမ်း ကလေးတွေ အတွက် ရည်ရွယ်ပြီး gym တည်ဆောက်ပေးမယ့် ဒက်စတင် ရဲ့ The Good Fight ဖောင်ဒေးရှင်းအတွက်လည်း ကူညီဖို့ အတွက် ကျွန်တော် အတော်လေး စိတ်လှုပ်ရှားနေပါပြီ။ ကျွန်တော် အဲ့ဒါကို အတော်လေး သဘောကျပါတယ်။ ကျွန်တော့်မြို့မှာ ရှိတဲ့ ကလေးတွေ အတွက်လည်း အဲ့ဒီလိုမျိုးလေး လှူဒါန်းပေးမယ်လို့ ကတိပေးပါတယ် ” ဆိုပြီး ပြောဆိုခဲ့ပါတယ်။