MySport Myanmar

လီဗာပူးလ် ပစ်မှတ်ထားနေတဲ့ right winger ထဲမှာ အမ်ဘူမိုပါ ပါဝင်လာ

လီဗာပူးလ်အသင်းက အသင်းရဲ့ အဓိက ကစားသမားဖြစ်သူ မိုဟာမက် ဆာလာရဲ့နေရာမှာ ရေရှည် အစားထိုးသွားဖို့အတွက် ညာတောင်ပံကစားသမားတွေကို ချိန်ရွယ်လျက် ရှိနေရာ ဒီကစားသမားတွေထဲမှာ ဘရန့်ဖို့ဒ်က ဘရိုင်ယန် အမ်ဘူမိုလည်း ပါဝင်နေတယ်လို့ The Sun ကနေ သတင်းဖော်ပြလာခဲ့ပါတယ်။

အသက် (၃၂)နှစ်အရွယ် အီဂျစ်လက်ရွေးစင် ညာတောင်ပံကစားသမား ဆာလာဟာ လီဗာပူးလ်ကို စရောက်ချိန်ကတည်းကနေ လက်ရှိအချိန်ထိ အသင်းအတွက် အကောင်းဆုံး စွမ်းဆောင်ပေးနိုင်ခဲ့သူ ဖြစ်ပေမယ့်လည်း ဒီရာသီအကုန်မှာတော့ သူနဲ့ လီဗာပူးလ်တို့ကြားက စာချုပ်သက်တမ်းက ကုန်ဆုံးပြီ ဖြစ်ပါတယ်။

Photo Credit : Football Transfer

ဆာလာက အခု သူရဲ့ လီဗာပူးလ် ကစားသမားဘဝ နောက်ဆုံးရာသီ ဖြစ်သွားနိုင်တဲ့ လက်ရှိ ဘောလုံးရာသီမှာတင် ပြိုင်ပွဲစုံ (၁၇)ပွဲကစား (၁၀)ဂိုးသွင်း (၁၀)ဂိုးဖန်တီးပေးထားနိုင်ခဲ့တာကြောင့် အသင်းက ဆာလာကို အလွတ်နဲ့ လက်လွတ်သွားရဖို့ထက် စာချုပ်သက်တမ်း တိုးမြှင့်ချုပ်ဆိုဖို့ကိုသာ ပိုမို အာရုံစိုက်လာခဲ့ပါတယ်။

အခုလို ဆာလာကို သက်တမ်းတိုးဖို့ စီစဉ်နေချိန် တစ်ဖက်မှာလည်း ဆာလာသာ အသင်းရဲ့ စာချုပ်သစ် ကမ်းလှမ်းမှုကို ငြင်းဆန်ပယ်ချခဲ့မယ်ဆိုရင် သူ့နေရာမှာ အစားထိုးဖို့အတွက်ကိုပါ ပြင်ဆင်နေရပါတယ်။ လတ်တလောမှာတော့ လီဗာပူးလ်က ညာတောင်ပံကစားသမားတွေ အများအပြားကို ချိန်ရွယ်နေပြီး ဘရန့်ဖို့ဒ် ကစားသမား အမ်ဘူမိုပါ ပါဝင်လာခဲ့ပါတယ်။

Photo Credit : Goal

အသက် (၂၅)နှစ်သာ ရှိသေးတဲ့ ပြင်သစ်-ကင်မရွန်းနွယ်ဖွား အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်အသင်းရဲ့ အရေးအပါဆုံး ကစားသမားတစ်ဦးဖြစ်ပြီး အိုင်ဗန် တိုနေး မရှိချိန်မှာ ဘရန့်ဖို့ဒ်အတွက် အဓိကအကျဆုံး တိုက်စစ်ကစားသမား ဖြစ်လာခဲ့ရပါတယ်။ ဒီရာသီမှာလည်း အမ်ဘူမိုက အသင်းအတွက် ပရီးမီးယားလိဂ် (၈)ဂိုးအထိတောင် သွင်းယူထားနိုင်ပါတယ်။

ကင်မရွန်း လက်ရွေးစင် အမ်ဘူမိုဟာ ညာတောင်ပံအပြင် တိုက်စစ်မှူးနဲ့ နောက်ချန်တိုက်စစ် နေရာတွေအထိပါ ကစားတက်သူဖြစ်ပြီး ပရီးမီးယားလိဂ်မှာလည်း (၃)ရာသီကျော်အထိ ကျင်လည်ထားခဲ့သူဖြစ်လို့ သူ့ကို လီဗာပူးလ်အပြင် အာဆင်နယ်အသင်းကလည်း စိတ်ဝင်စားလျက် ရှိနေပါတယ်။ အမ်ဘူမိုဟာ ဘရန့်ဖို့ဒ်အသင်းနဲ့ ၂၀၂၆ + ထပ်တိုး(၁)နှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူလည်း ဖြစ်ပါတယ်။

Exit mobile version