ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်ကြယ်ပွင့် တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာနဲ့ ဦးလေးတော်စပ်သူ ပီယယ်အမ်ဘာပေက သူ့တူအနေနဲ့ လက်ရှိကလပ် ပီအက်စ်ဂျီကနေသာ ထွက်ခွာဖြစ်မယ်ဆိုရင် ပရီးမီးယားလိဂ် ထိပ်သီးကလပ် လီဗာပူးလ်အသင်းက ဘာပေအတွက် အသင့်တော်ဆုံး အသင်းဖြစ်တယ်လို့ အကြံပေးခဲ့ပြီး လီဗာပူးလ်ကလည်း ကီလီယန်အမ်ဘာပေကို ခေါ်ယူဖို့အတွက် လွန်ခဲ့တဲ့နှစ်တွေကတည်းက ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြောဆိုသွားခဲ့ပါတယ်။

Kylian Mbappe's uncle 'tells PSG star to make Liverpool transfer after YEARS  of talks with his family' – Live Sports News

Photo Credit : The Sun

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမား ဘာပေဟာ ပြီးခဲ့တဲ့နွေမှာ ရီးယဲလ်မက်ဒရစ်အသင်းဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ ပီအက်စ်ဂျီအသင်းနဲ့ (၃)နှစ် သက်တမ်းတိုးထားခဲ့ပေမယ့် ပြီးခဲ့တဲ့ ရက်သတ္တပတ်ခန့်က ထွက်ပေါ်လာတဲ့ သတင်းတွေထဲမှာ ဘာပေဟာ သူတောင်းဆိုထားတာတွေကို အသင်းဘက်က လုပ်ဆောင်ပေးခြင်း မရှိတဲ့အတွက် လာမယ့် ဆောင်းရာသီမှာပဲ အသင်းနဲ့ လမ်းခွဲသွားချင်နေတယ်ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်လောင်လောင်နဲ့ကို ထွက်ပေါ်လာခဲ့ပါတယ်။ ဒီလို သတင်းတွေနဲ့အတူ ဘာပေဟာ ပရီးမီးယားလိဂ် ထိပ်တန်းအသင်းတွေဖြစ်တဲ့ မန်စီးတီး လီဗာပူးလ်တို့နဲ့ပါ အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ပူးတွဲ ထွက်ပေါ်လာခဲ့ရပါတယ်။

Pierre Mbappé, l'oncle avisé

Photo Credit : Linternaute

ဒီလို ကောလဟာလတွေ ထွက်ပေါ်ခဲ့ပြီးနောက် ဘာပေအတွက် အလွန်လေးစားရသော ဘောလုံးအကြံပေးဖြစ်တဲ့ ဘာပေ ဦးလေး ပီယယ်အမ်ဘာပေက နည်းပြယာဂန်ကလော့ပ်ရဲ့ လီဗာပူးလ်အသင်းက သူ့တူဘာပေရဲ့ အသင်းသစ် ဖြစ်လာဖို့ အသင့်တော်ဆုံး ကလပ်အသင်းလို့ အကြံပြုသွားခဲ့ပါတယ်။ ဒါ့အပြင် လီဗာပူးလ်ဟာ ဘာပေကို ခေါ်ယူချင်တာကြောင့် ဘာပေရဲ့ မိသားစုဝင်တွေကို ဆက်သွယ်မှုတွေ လုပ်ဆောင်နေခဲ့တာလည်း အတော်ကြာပြီလို့ပါ ပီယယ်က ပြောဆိုခဲ့ပါတယ်။ ပီအက်စ်ဂျီကနေ ထွက်ခွာသွားလိမ့်မယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်နေသလို လီဗာပူးလ် မန်စီးတီးအသင်းတွေနဲ့ပါ ကောလဟာလတွေ ထွက်နေရတဲ့ ဘာပေက ဒီသတင်းတွေဟာ မှန်ကန်ခြင်း မရှိပါကြောင်း ပွဲကစားရဖို့ ရှိနေတဲ့ နေ့ရက်ကျမှ အခုလို သတင်းထွက်လာခဲ့တာကို နားမလည်နိုင်ကြောင်းနဲ့ လာမယ့်ဈေးကွက်မှာလည်း အသင်းကနေ ထွက်ခွာမှာ မဟုတ်ကြောင်း တုံ့ပြန် ရှင်းလင်းထားခဲ့ပါတယ်။ ဘာပေဟာ ဒီရာသီမှာ ပီအက်စ်ဂျီအတွက် ပြိုင်ပွဲစုံ (၁၄)ပွဲ ကစားထားခဲ့ပြီး (၁၂)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။