ပီအက်စ်ဂျီအသင်းကတော့ သူတို့အသင်းရဲ့ အဓိကကြယ်ပွင့်ကစားသမားတွေဖြစ်တဲ့ နေမာနဲ့ ကီလီယန်အမ်ဘာပေတို့ကို အသင်းမှာ ဆက်လက်ရှိနေဖို့အတွက် ကစားသမားတွေရဲ့ စာချုပ်သက်တမ်းတွေကို တိုးမြှင့်သွားချင်နေပြီး ဒီကစားသမား(၂)ယောက်ထဲကမှ နေမာက အသင်းမှာ ဆက်ရှိနေဖို့ အခြေအနေကောင်းနေပေမယ့် ဘာပေကတော့ အသင်းဘက်က သက်တမ်းတိုးဖို့ လုပ်ဆောင်နေမှုအပေါ် ဘာမှပြန်လည်မတုံ့ပြန်သေးတဲ့အတွက် တကယ်လို့ သက်တမ်းတိုးကိစ္စ အဆင်မပြေနိုင်ခဲ့ရင် အသင်းကနေ ရောင်းချသွားဖို့အထိပါ စဉ်းစားလာဖွယ် ရှိတယ်လို့ သိရပါတယ်။

Photo Credit : TEAMtalk

စပိန်နာမည်ကျော် သတင်းမီဒီယာတစ်ခုဖြစ်တဲ့ မာကာရဲ့ဖော်ပြချက်တွေအရ ပီအက်စ်ဂျီအသင်းဘက်ကနေ သူတို့ရဲ့ အဓိကတိုက်စစ်ကစားသမားဘာပေအတွက် နှစ်ရှည်စာချုပ်တစ်ရပ်ကို ပြင်ဆင်ထားလျက်ရှိပေမယ့် အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးကတော့ စာချုပ်ကိစ္စကို စဉ်းစားနေဆဲသာဖြစ်ကြောင်း ထုတ်ဖော်ပြောဆိုထားခဲ့သလို အသင်းမှာ ဆက်နေဖို့ထက် အသင်းပြောင်းဖို့ကို ပိုမိုစိတ်အားထက်သန်လို့နေပါတယ်။ ဒီလိုအခြေအနေရှိနေတဲ့ ဘာပေကို ပီအက်စ်ဂျီဘက်ကနေ သက်တမ်းတိုးဖို့အတွက် ထပ်မံလုပ်ဆောင်သွားဦးမှာဖြစ်ပြီး တကယ်လို့ ဒီကမ်းလှမ်းမှုက အဆင်မပြေခဲ့သေးရင်တော့ ပီအက်စ်ဂျီအသင်းအနေနဲ့ ဘာပေကို ရောင်းထုတ်ဖွယ် ရှိနေပါတယ်။

Photo Credit : Sky Sports

ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ အဓိက ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းကနေ လုံးဝလက်မလွတ်ချင်တဲ့ ကြယ်ပွင့်တစ်ယောက်ဖြစ်ပေမယ့်လည်း သူရဲ့စာချုပ်သက်တမ်းက ၂၀၂၂ခုနှစ်အထိပဲ ကျန်ရှိတော့ဖြစ်တဲ့အတွက် လာမယ့်နွေစျေးကွက်အတွင်းမှာမှ အသင်းကနေ ရောင်းထုတ်ထားနိုင်ခြင်းမရှိဘူးဆိုရင် အလွတ်ပြောင်းရွှေ့ကြေးနဲ့ပါ လက်လွတ်ရနိုင်မယ့် အခြေအနေအထိပါ ရောက်သွားနိုင်မှာဖြစ်ပါတယ်။ ဒါကြောင့် ပီအက်စ်ဂျီဘက်က ဘာပေလို ကစားသမားမျိုးကို ပြောင်းရွှေ့ကြေးမဲ့နဲ့ မဆုံးရှုံးရဖို့အတွက် နွေစျေးကွက်အတွင်းမှာပဲ သင့်လျော်တဲ့ ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ ရောင်းချသွားဖို့ ပြင်ဆင်လာခဲ့တာဖြစ်ပါတယ်။ ဒီလို အခြေအနေတွေအထိ ဖြစ်လာခင်မှာ ဘာပေကိုတော့ သက်တမ်းတိုးနိုင်ဖို့အတွက် ကမ်းလှမ်းမှုတွေကို ပီအက်စ်ဂျီဘက်ကနေ အသေအချာ လုပ်ဆောင်မှာဖြစ်ပြီး လုပ်ဆောင်မှုက အရာမတွင်တော့မှသာ အသင်းကနေ မဖြစ်မနေ ရောင်းချသွားမှာဖြစ်ပါတယ်။ ဘာပေကိုတော့ ရီးရဲလ်မက်ဒရစ်အသင်းကနေ အဓိကပစ်မှတ်ထားနေတာဖြစ်ပြီး လီဗာပူးလ်အသင်းကလည်း စိတ်ဝင်စားလျက်ရှိနေပါတယ်။