ပြင်သစ်အင်အားကြီး အသင်းဖြစ်တဲ့ ပီအက်စ်ဂျီ အသင်းကတော့ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ယှဉ်ပြိုင်ကစားခဲ့တဲ့ ပြင်သစ်ဖလားဗိုလ်လုပွဲမှာ ခြေကျင်းဝတ် ဒဏ်ရာ ရရှိခဲ့တဲ့ အသင်းရဲ့ အဓိက တိုက်စစ်မှူး အမ်ဘာပေရဲ့ ဒဏ်ရာ အခြေအနေနဲ့ ပတ်သတ်ပြီး သတင်းထုတ်ပြန်မှု တစ်ခုကို ပြုလုပ်သွားခဲ့ပါတယ်။ အသက် ၂၁နှစ် အရွယ် ပြင်သစ် လူငယ် တိုက်စစ်မှူး အမ်ဘာပေဟာ လက်ရှိ ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အသင်းရဲ့ မရှိမဖြစ် တိုက်စစ်မှူးအဖြစ် အသုံးတော် ခံနေသူ ဖြစ်ပြီး အသင်းအတွင် ပြိုင်ပွဲစုံမှာ ၃၄ပွဲ ကစားထားရာ ၃၀ဂိုး သွင်းယူထားနိုင်ခဲ့ကာ ၁၄ဂိုးအထိ ဖန်တီးပေးထားနိုင်သူလည်း ဖြစ်ပါတယ်။

Photo Credit: India TV

အမ်ဘာပေဟာ ပြီးခဲ့တဲ့ ရက်ပိုင်းမှာ ကစားခဲ့တဲ့ စိန့်အက်တီနီးအသင်းနဲ့ ပြင်သစ်ဖလား ဗိုလ်လုပွဲမှာ တစ်ဖက် အသင်းခေါင်းဆောင် ပါရင် ရဲ့ ပြင်းထန်တဲ့ ဖျက်ထုတ်မှုကို ခံခဲ့ရပြီး ညာ ခြေကျင်းဝတ်မှာ ဒဏ်ရာရရှိခဲ့တာပဲ ဖြစ်ပါတယ်။ လက်ရှိမှာတော့ ဆေးစစ်မှုတွေ ပြုလုပ်ပြီးစီးခဲ့ကာ အမ်ဘာပေရဲ့ ဒဏ်ရာ အခြေအနေကို အသေးစိတ် သိရှိရပြီး ပီအက်စ်ဂျီအသင်းရဲ့ သတင်း ထုတ်ပြန်မှုအရ အမ်ဘာပေဟာ အဆိုပါ ဒဏ်ရာကို ပြန်လည် ကုသနိုင်ဖို့အတွက် ၃ပတ်ခန့် အနားယူရဖွယ် ရှိနေတယ်လို့ သိရပါတယ်။ အဆိုပါ အနားယူရမှုကြောင့်ပဲ အမ်ဘာပေဟာ ဩဂုတ်လ ၁၂ရက်နေ့မှာ ကစားရမယ့် အတ္တလန်တာအသင်းနဲ့ ချန်ပီယံလိဂ် ကွာတား ဖိုင်နယ်ပွဲစဉ်မှာ အသင်းအတွက် ပါဝင်ကစားပေးခွင့် မရနိုင်တော့ပါဘူး။

Photo Credit: India TV

ပီအက်စ်ဂျီအသင်းဟာ လက်ရှိ ဘောလုံးရာသီမှာ ချန်ပီယံလိဂ်ဖလားကို ရယူဖို့ ရည်ရွယ် နေတဲ့ အသင်းဖြစ်ပြီး ကွာတားဖိုင်နယ်အဆင့် ကို ရောက်ရှိနေတဲ့အချိန်မှာ အခုလို အဓိက ကစားသမားတစ်ဦး ဒဏ်ရာရခဲ့တာဟာ သူတို့ အသင်းအတွက်တော့ ကံမကောင်းဘူးလို့ ဆိုရမှာပါပဲ။ အမ်ဘာပေရဲ့ ဒဏ်ရာပြဿနာနဲ့ ပတ်သတ်ပြီး ပီအက်စ်ဂျီအသင်းက ” စိန့်အက်တီနီးအသင်းနဲ့ ကစားခဲ့တဲ့ ဗိုလ်လုပွဲမှာ ရရှိခဲ့တဲ့ အမ်ဘာပေရဲ့ ဒဏ်ရာ အတိမ်အနက် ကို တနင်္လာနေ့မှာ စစ်ဆေးခဲ့ပြီးပါပြီ။ စစ်ဆေးမှုတွေအရ အမ်ဘာပေရဲ့ ညာခြေကျင်းဝတ်မှာ ရှိတဲ့ အဆစ်ဟာ လွဲသွားခဲ့သလို အပြင်ဘက်မှာ ရှိတဲ့ အရွတ်မှာလည်း ဒဏ်ရာ ရရှိခဲ့ပါတယ်။ ဒါ့ကြောင့် အမ်ဘာပေဟာ သုံးပတ်လောက် အနားယူရတော့မှာပါ ” လို့ ထုတ်ပြန် ကြေညာသွားခဲ့တာပဲ ဖြစ်ပါတယ်။