ပြင်သစ် အင်အားကြီးအသင်း တစ်သင်းဖြစ်တဲ့ ပီအက်စ်ဂျီအသင်းရဲ့ အဓိက တိုက်စစ်မှူး ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေ ကတော့ ယခုနှစ် ဘောလုံးရာသီ ကုန်ဆုံးသွားချိန်မှာ ပီအက်စ်ဂျီ အသင်းကို ကျိန်းသေပေါက် စွန့်ခွာသွားတော့မယ် လို့ ပြင်သစ်အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။ အသက် ၂၁ နှစ် အရွယ်သာ ရှိသေးတဲ့ ပြင်သစ် တိုက်စစ်မှူး အမ်ဘာပေဟာ မက်ဆီနဲ့ ရိုနယ်ဒို ခေတ်လွန်မှာ ကမ္ဘာ့ အကောင်းဆုံး ကစားသမားဆိုတဲ့ ဂုဏ်ပုဒ် ကို ရရှိဖို့ ရေပန်းစားနေသူ တစ်ဦးဖြစ်ပြီး လက်ရှိ ကမ္ဘာ့ တန်ကြေးအမြင့်ဆုံး ကစားသမားတစ်ဦးလို့ ဆိုရင်လည်း မှားမယ် မထင်ပါဘူး။

Photo Credit: Marca

အသက် ၂၁ နှစ်အရွယ်သာ ရှိသေးတဲ့ အပြင် ကမ္ဘာ့အဆင့် ခြေစွမ်းကို ပိုင်ဆိုင်ထားတဲ့ အမ်ဘာပေရဲ့ လက်ရှိ တန်ကြေးဟာ ယူရို ၂၀၀ သန်း အထက်မှာ ရှိပြီး သူ့ကို ခေါ်ယူနိုင်မယ့်အသင်း ဟာ ကမ္ဘာပေါ်မှာ လက်ချိုးရေလို့ ရနေပါတယ်။ လက်ရှိမှာ အမ်ဘာပေဟာ ပီအက်စ်ဂျီအသင်းမှာ ပျော်ရွှင်နေပေမယ့် ယခုနှစ် ဘောလုံးရာသီမှာသာ ချန်ပီယံလိဂ်ဖလားကို မရခဲ့ပါက သူ့ရဲ့ ကစားသမားဘဝ အတွက် စိန်ခေါ်မှု ပြင်းထန်တဲ့ လိဂ်တွေကို ပြောင်းရွှေ့ ကစားတော့ဖို့ ဆုံးဖြတ်ထားကြောင်း နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ The Times သတင်းဌာနက ဖော်ပြသွားခဲ့ပါတယ်။ ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ အမ်ဘာပေဟာ စပိန်လာလီဂါနဲ့ အင်္ဂလန် ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့ စိတ်ကူးထားကြောင်း သိရပါတယ်။

Photo Credit: Marca

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Duncan Castles ရဲ့ အဆိုအရတော့ အမ်ဘာပေဟာ လာမယ့် နွေအပြောင်းအရွှေ့မှာ ပီအက်စ်ဂျီအသင်းကို စွန့်ခွာသွားဖို့ ဆန္ဒရှိနေပြီး လီဗာပူးအသင်းရဲ့ နည်းပြ ကလော့ပ်ရဲ့ လက်အောက်မှာ ကစားချင်နေသလို မန်ယူအသင်းထံ ပြောင်းရွှေ့ဖို့လည်း စိတ်ဝင်စားနေကြောင်း သိရပါတယ်။ ဒါပေမယ့် လက်ရှိမှာ အမ်ဘာပေကို ခေါ်ယူဖို့ ရေပန်းအစားဆုံး ဖြစ်နေတဲ့ အသင်းကတော့ လာလီဂါ ထိပ်သီးအသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ် အသင်း ဖြစ်ပြီး ရီးရဲလ်မက်ဒရစ်အသင်း ဟာ အမ်ဘာပေကို ခေါ်ယူဖို့အတွက် ယုံကြည်မှု အပြည့်ရှိနေကြောင်း စပိန်အခြေစိုက် သတင်းဌာနတွေက ဖော်ပြထားကြပါတယ်။ ပီအက်စ်ဂျီအသင်းဘက် ကတော့ အမ်ဘာပေကို အဆုံးရှုံး မခံနိုင်ပေမယ့် အမ်ဘာပေဘက်က ထွက်ခွာခွင့် တောင်းခံရင် ထွက်ခွာခွင့် ပေးဖွယ် ရှိနေပြီး အမ်ဘာပေကို ခေါ်ယူမယ့် အသင်းတွေအနေနဲ့ ပြောင်းရွှေ့ကြေး ယူရို ၂၅၀ သန်း ဝန်းကျင် သုံးစွဲရဖွယ် ရှိနေပါတယ်။