MySport Myanmar

ရီးရဲလ်ဆီ ပြောင်းဖြစ်မယ် ဆိုရင် လက်မှတ်ထိုးကြေး ယူရို ၁၅၀သန်း ရမယ့် အမ်ဘာပေ

ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အသင်းခေါင်းဆောင်လည်းဖြစ် ၊ အဓိက တိုက်စစ်မှူးလည်း ဖြစ်တဲ့ ကိုင်လီယန် အမ်ဘာပေက လာမယ့် နွေဈေးကွက်မှာသာ ပီအက်စ်ဂျီ ကနေ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ သဘောတူခဲ့မယ် ဆိုရင် လက်မှတ်ထိုးကြေး ယူရို ၁၅၀သန်း အထိ ရရှိမယ်လို့ ခိုင်မာတဲ့ သတင်းရင်းမြစ်တွေက ဖော်ပြလာကြပါတယ်။

အသက် ၂၅နှစ် အရွယ် ပြင်သစ်ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက လက်ရှိ ဘောလုံးလောကရဲ့ အကောင်းဆုံး ကစားသမား ၃ဦး စာရင်းထဲမှာ ပါဝင်နေသူ ဖြစ်ပြီး သူနဲ့ ပီအက်စ်ဂျီတို့ရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Goal

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ထဲမှာ အပို ၁နှစ် ထပ်မံ သက်တမ်းတိုးခွင့် ပါပေမယ့် အဆိုပါအချက်ကို အသက်သွင်းဖို့ နှစ်ဦးနှစ်ဖက်စလုံး သဘောတူညီဖို့ လိုအပ်တာကြောင့် အမ်ဘာပေကသာ လာမယ့် နွေဈေးကွက်မှာ အလွတ်ပြောင်းရွှေ့ကြေးနဲ့ အသင်းပြောင်းမယ် ဆိုရင် ပီအက်စ်ဂျီက တားဆီးလို့ မရပါဘူး။

လတ်တလောမှာတော့ ရီးရဲလ်မက်ဒရစ်နဲ့ အမ်ဘာပေတို့ ကြားထဲမှာ အပြောင်းအရွှေ့ အတွက် အကြို သဘောတူညီမှု ရရှိဖို့ နီးစပ်နေပြီ ဆိုတဲ့ သတင်းတွေ ကျယ်ကျယ်ပြန့်ပြန့် ထွက်ပေါ်နေပြီး စပိန်အခြေစိုက် သတင်းဌာနတွေကတော့ အမ်ဘာပေဟာ မကြာခင်မှာပဲ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့တော့မယ့် အကြောင်းကို တရားဝင် ကြေညာတော့မယ်လို့ ဖော်ပြနေကြပါတယ်။

Photo Credit: Sports Brief

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Talksportsရဲ့ ဖော်ပြချက်အရ အမ်ဘာပေဟာ ရီးရဲလ်မက်ဒရစ်ဆီ အလွတ်နဲ့ ပြောင်းမယ် ဆိုရင် ပီအက်စ်ဂျီမှာ ရရှိမယ့် သစ္စာရှိကြေး ယူရို ၈၀သန်းကို လက်လွှတ် ဆုံးရှုံးရဖို့ ရှိနေတာကြောင့် ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို လက်မှတ်ထိုးကြေး တနင့်တပိုး ပေးချေမယ်လို့ ကတိပေးထားကာ ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို လက်မှတ်ထိုးကြေး ယူရို ၁၅၀သန်း ဝန်းကျင် အထိ ပေးချေမှာ ဖြစ်ကြောင်း သိရှိရပါတယ်။

ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို လက်မှတ်ထိုးကြေး ယူရို ၁၅၀သန်း အထိ ပေးချေဖို့ ပြင်ဆင်ထားပေမယ့် အမ်ဘာပေက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ရင် သူ့ရဲ့ လက်ရှိ လုပ်ခလစာထက် ပိုနည်းတဲ့ လုပ်ခလစာကိုသာ ရရှိမှာ ဖြစ်သလို ရီးရဲလ်မက်ဒရစ်က အမ်ဘာပေကို ၅နှစ် သက်တမ်း ရှိတဲ့ စာချုပ်တရပ် ချုပ်ဆိုဖို့ ပြင်ဆင်ထားကြောင်း နီးစပ်သူတွေက ဆိုထားပါတယ်။

Exit mobile version