ပြင်သစ် လီဂူးဝမ်း ထိပ်သီးကလပ် ပီအက်စ်ဂျီရဲ့ အဓိက တိုက်စစ်မှူး တဦး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေက သူဟာ ပြီးခဲ့တဲ့ နွေဈေးကွက်မှာ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့ပြီးမှ ပီအက်စ်ဂျီနဲ့ စာချုပ်သစ် ထပ်ချုပ်ခဲ့တာဟာ ပီအက်စ်ဂျီမှာ သမိုင်းသစ် တခု ရေးထိုးချင်လို့ ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၂၃နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကြယ်ပွင့် တိုက်စစ်မှူး ကိုင်လီယန် အမ်ဘာပေက လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၁၀ဦး စာရင်းဝင်သူ ဖြစ်ပြီး သူ့ရဲ့ ကမ္ဘာ့အဆင့် ခြေစွမ်းကြောင့်ပဲ ပြီးခဲ့တဲ့ နွေဈေးကွက် အတွင်းမှာ ပီအက်စ်ဂျီက အမ်ဘာပေကို မြင့်မားတဲ့ လုပ်ခလစာ တရပ် ပေးချေကာ ၃နှစ် သက်တမ်း ရှိတဲ့ စာချုပ်သစ် ချုပ်ဆိုခဲ့တာပါ။

 

Photo Credit: Sky Sports

အမ်ဘာပေက ပီအက်စ်ဂျီနဲ့ စာချုပ်သစ် မချုပ်ဆိုခင်မှာ သူ့ကို ခေါ်ယူဖို့ ကာလရှည် ကြိုးစားခဲ့တဲ့ လာလီဂါ ထိပ်သီးကလပ် ရီးရဲလ်မက်ဒရစ်ဆီ အလွတ်နဲ့ ပြောင်းရွှေ့ဖို့ နီးစပ်ခဲ့သေးပေမယ့် နောက်ဆုံးမှာတော့ အမ်ဘာပေဟာ မွေးရပ်မြေ ပြင်သစ်မှာသာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

စပိန်သတင်းထောက်တွေနဲ့ ဘောလုံးရေးရာ သုံးသပ်သူ တချို့က အမ်ဘာပေ တယောက် ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာဟာ ပိုက်ဆံမက်လို့ ဖြစ်ကြောင်း ပြင်းပြင်းထန်ထန် ဝေဖန်ခဲ့ကြပြီး အမ်ဘာပေကတော့ သူဟာ သမိုင်းသစ် ရေးထိုးချင်တာကြောင့်သာ ပီအက်စ်ဂျီမှာ ဆက်နေဖို့ ဆုံးဖြတ်ခဲ့တာပါလို့ ပြောကြားရင်း ဝေဖန်မှုတွေကို ပြန်လည် တုံ့ပြန်သွားခဲ့ပါတယ်။

Photo Credit: Sky Sports

အမ်ဘာပေက – “ပီအက်စ်ဂျီရဲ့ သမိုင်းကြောင်းက ဗလာစာအုပ် အသစ်တခုနဲ့ တူပါတယ်။ ဒီပဲရစ်မြို့၊ ဒီအသင်းမှာ ဘာမှ မရှိသေးပါဘူး။ ကျွန်တော်က ရီးရဲလ်မက်ဒရစ်ဆီသာ သွားလိုက်ရင် အလွယ်တကူ အောင်မြင်မှုတွေ ရယူနိုင်ပါတယ်။ ဒါပေမယ့် ကျွန်တော်က ကိုယ့်ရဲ့မြို့ ၊ ကိုယ့်ရဲ့နိုင်ငံ အတွက် သမိုင်းသစ်တွေ ရေးထိုးပေးချင်ပါတယ်။ ဒီလို သမိုင်းသစ် စိုက်ထူနိုင်မယ့် အခွင့်အရေးမျိုး ဆိုတာ လွယ်လွယ်လေး ရနိုင်တဲ့ အရာမျိုး မဟုတ်ပါဘူး။ ဒီလို မှော်ဆန်တဲ့ အကြောင်းပြချက်ကြောင့်ပဲ ကျွန်တော်က အသင်းမှာ ဆက်နေခဲ့တာပါ” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပါ။

အမ်ဘာပေက ယခုနှစ် ဘောလုံးရာသီမှာ ပီအက်စ်ဂျီ အတွက် ပြိုင်ပွဲစုံမှာ ၁၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၈ဂိုး သွင်းယူထားနိုင်ကာ ဂိုးဖန်တီးမှု ၅ကြိမ် ပြုလုပ်ထားနိုင်ပါတယ်။