ရီးယဲလ် မက်ဒရစ်အသင်းရဲ့ ပြင်သစ် စူပါစတား တိုက်စစ်ကစားသမား ကီလီယန် အမ်ဘာပေဟာ ဒဏ်ရာကနေ အလျင်အမြန် သက်သာကောင်းမွန်လာခဲ့ပြီး လိုင်လီအသင်းနဲ့ ကစားရမယ့် ချန်ပီယံလိဂ်ပွဲရဲ့ ကစားသမားစာရင်းမှာပါ ပါဝင်လာခဲ့ပါတယ်။

ဘာပေဟာ ရီးယဲလ်နဲ့ အလာဗက်စ်အသင်းတို့ရဲ့ လာလီဂါပွဲစဉ်မှာ ပါဝင်ကစားရင်း အသင်းအတွက် သွင်းဂိုးတစ်ဂိုးလည်း သွင်းယူနိုင်ခဲ့ပေမယ့် ပေါင်ကြွက်သားဒဏ်ရာပါ ရရှိသွားခဲ့တာကြောင့် ရက်သတ္တပတ် (၃)ပတ်ခန့်လောက်အထိ အနားယူသွားရတော့မယ်လို့ သတင်းထွက်ရှိလာခဲ့ပါတယ်။

Photo Credit : Marca

ဘာပေအနေနဲ့ ဒီဒဏ်ရာ ပြဿနာကြောင့် အသက်လက်တီကိုနဲ့ မက်ဒရစ်ဒါဘီပွဲ ၊ လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲနဲ့ ဗယ်လာဒိုးလစ်နဲ့ လာလီဂါပွဲတွေအထိ တောက်လျှောက် လွဲချော်သွားရတော့မယ်လို့ သတင်းထွက်ပေါ်ခဲ့ပေမယ့် အခုတော့ လိုင်လီနဲ့ ချန်ပီယံလိဂ်ပွဲရဲ့ ကစားသမားစာရင်းမှာပါ အံ့အားသင့်ဖွယ် ပါဝင်လာခဲ့ရပါတယ်။

ပြင်သစ်မြေမှာ ကစားရမယ့် ချန်ပီယံလိဂ်ပွဲစဉ်မှာ ဘာပေလို ပြင်သစ်စူပါစတား ကစားသမား ပါဝင်လာနိုင်မယ်ဆိုတာက ရီးယဲလ်အသင်းအတွက် အားသာချက် ဖြစ်လာနိုင်ပေမယ့် ဒဏ်ရာကနေ သက်သာခါစ ရှိသေးတဲ့ ဘာပေကို risk မယူလောက်တာမို့ ဒုတိယပိုင်းလောက်မှသာ ပါဝင်ရဖွယ်သာ ရှိနိုင်ပါတယ်။

Photo Credit : Transfermarket

တကယ်လို့ ကီလီယန် အမ်ဘာပေသာ ဒီပွဲကို ဝင်ကစားနိုင်မယ်ဆိုရင် ဒီနွေမှာ သူနဲ့အတူတူ ပီအက်စ်ဂျီကနေ ထွက်ခွာထားတဲ့ သူရဲ့ ညီတော်မောင် အီသန် အမ်ဘာပေနဲ့ပါ ပြိုင်ဘက်တွေအဖြစ် ပြန်လည် ရင်ဆိုင်သွားရမှာပဲ ဖြစ်ပါတယ်။

ဆယ်ကျော်သက်အရွယ် ကွင်းလယ်ကစားသမားလေး အီသန် အမ်ဘာပေက လိုင်လီအသင်းဆီ ပြောင်းရွှေ့ထားခဲ့ပြီး ကြွက်သားဒဏ်ရာကြောင့် ပွဲအများစု လွဲချော်ထားခဲ့ရပေမယ့်လည်း လက်ရှိမှာ ဒဏ်ရာကနေ သက်သာနေပြီမို့ ရီးယဲလ်နဲ့ ချန်ပီယံလိဂ်ပွဲမှာလည်း မိနစ်အနည်းငယ်လောက်အထိ ပါဝင်လာရနိုင်ပါတယ်။