ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး အမ်ဘာပေကို ပီအက်စ်ဂျီဘက်ကနေ အသင်းမှာ ဆက်လက်ထိန်းသိမ်းထားနိုင်ဖို့အတွက် ကြိုးပမ်းနေပေမယ့်လည်း ဘာပေကတော့ လာမယ့်ရာသီမှာပဲ အသင်းကနေ ထွက်ခွာဖို့ဆန္ဒရှိလို့နေပြီး သူ့ကိုအသည်းအသန် အလိုရှိနေတဲ့ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကစားချင်နေပါတယ်။ ဒါပေမယ့်လည်း လတ်တလောမှာ ဖြစ်ပွားလို့နေတဲ့ ကိုရိုနာဗိုင်းရပ်စ်ဂယက်ကြောင့် ဘောလုံးအသင်းတိုင်း စီးပွားရေးကျဆင်းနေရတဲ့အတွက် ရီးရဲလ်အသင်းဟာလည်း ဘာပေကို ခေါ်ယူရမှာ ငွေကြေးပိုင်း အခက်အခဲရှိလာနိုင်တာကြောင့် လာမယ့်နှစ်လောက်မှပဲ ကမ်းလှမ်းရဖွယ်တောင် ရှိနေပါတယ်။

ရီးရဲလ်အသင်းဟာ ချယ်လ်ဆီးအသင်းကနေ အီဒင်ဟာဇက်ကို ခေါ်ယူခဲ့စဉ်ကလို ကစားသမားနဲ့ ကလပ်အသင်းတို့ရဲ့ကြား စာချုပ်သက်တမ်း (၁)နှစ်လောက်အကျန်လောက်မှ ကမ်းလှမ်းခဲ့တဲ့ ပုံစံအတိုင်းနဲ့ ဘာပေကိုလည်း ကမ်းလှမ်းဖို့ စီစဉ်ထားသလို ဘာပေကလည်း လာမယ့် ၂၀၂၂ခုနှစ်မှာပဲ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပါတယ်။ ဒီလို အခြေအနေနဲ့ ရင်ဆိုင်နေရတာဖြစ်လို့ ပီအက်စ်ဂျီက သူတို့ရဲ့ (၂၁)နှစ်အရွှယ် ကြယ်ပွင့်ကစားသမား ဘာပေကို သက်တမ်းတိုးနိုင်ဖို့အတွက် ပြင်ဆင်လာခဲ့ပြီး တစ်ပတ်လုပ်ခကို ပေါင်(၆)သိန်းအထိ တိုးမြှင့်ကမ်းလှမ်းလာဖို့ ရှိနေပါတယ်။

ပြင်သစ်လက်ရွေးစင် တိုက်စစ်ကစားသမားဘာပေတော့ လက်ရှိမှာ အသင်းနဲ့ စာချုပ်သက်တမ်းတိုးမယ့်ကိစ္စကို စိတ်မဝင်စားသေးပေမယ့် တကယ်လို့ စာချုပ်အတွင်း ရီးရဲလ်မက်ဒရစ်အသင်းဘက်ကနေ သင့်တင့်သော ပြောင်းရွှေ့ကြေးတစ်ရပ်နဲ့ သူ့ကိုလာကမ်းလှမ်းတဲ့အခါ အသင်းပြောင်းခွင့်ပြုရမယ်ဆိုတဲ့ သဘောတူချက်တစ်ခုကို ထည့်သွင်းပေးမယ်ဆိုရင် ဘာပေဘက်ကနေ သက်တမ်းတိုးဖို့ လက်ခံလာဖွယ်ရှိပါတယ်။ တကယ်လို့ ဘာပေဘက်က သက်တမ်းတိုးဖို့ လက်ခံခဲ့မယ်ဆိုရင် ကမ္ဘာပေါ်မှာ စတုတ္ထမြောက် လုပ်ခလစာအကောင်းဆုံး ဘောလုံးသမားအဖြစ် မှတ်တမ်းဝင်သွားမှာဖြစ်သလို ပီအက်စ်ဂျီအသင်းအနေနဲ့ ဘာပေကို လက်လွတ်ရမယ်ဆိုရင်တောင် ပြောင်းရွှေ့ကြေးအနည်းငယ်နဲ့ လက်လွတ်ရတာမျိုး မဖြစ်လာနိုင်တော့ပါဘူး။ ဒါပေမယ့် ဘာပေကို လီဗာပူးလ်အသင်းဘက်ကနေလည်း ပစ်မှတ်ထားလို့နေပြီး လီဗာပူးလ်နည်းပြ ယာဂင်ကလော့မှာလည်း ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် ဘာပေရဲ့ဖခင်ဆီကိုတောင် ဆက်သွယ်မှုတွေ ပြုလုပ်ခဲ့သေးတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။