ပြင်သစ်လီဂူးဝမ်း ထိပ်သီးကလပ် ပီအက််စဂျီရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက သူဟာ လက်ရှိမှာ သူ့ရဲ့ အနာဂတ်ထက် အသင်းနဲ့အတူ ရာသီမကုန်ခင်မှာ ချန်ပီယံလိဂ်ဖလား ၊ လီဂူးဝမ်းဖလားနဲ့ ပြင်သစ်ဖလား ၃လုံးစလုံးကို တပြိုင်ထဲ ရယူဖို့သာ ခေါင်းထဲ ထည့်ထားကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောဆိုသွားခဲ့ပါတယ်။

အသက် ၂၅နှစ် အရွယ် ပီအက်စ်ဂျီနဲ့ ပြင်သစ်တို့ရဲ့ အသင်းခေါင်းဆောင် ကိုင်လီယန် အမ်ဘာပေက ပီအက်စ်ဂျီရဲ့ မရှိမဖြစ် ကစားသမား အဖြစ်  ခြေစွမ်းကောင်းတွေ ပြသထားနိုင်ပေမယ့် သူနဲ့ ပီအက်စ်ဂျီရဲ့ ကြားထဲမှာ ရှိနေတဲ့ စာချုပ်ဟာ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ကုန်ဆုံးဖို့ ရှိနေပါတယ်။

Photo Credit: Sky Sports

ပီအက်စ်ဂျီနဲ့ အမ်ဘာပေတို့ရဲ့ လက်ရှိစာချုပ်ထဲမှာ အပို ၁နှစ် သက်တမ်းတိုးခွင့် ပါဝင်ပေမယ့် အမ်ဘာပေက စာချုပ်အတိုင်း ဆက်ကစားရင် သူရမယ့် သစ္စာရှိကြေးကို မယူတော့ပဲ ယခုနှစ် ဘောလုံးရာသီ အကုန်မှာ ပီအက်စ်ဂျီကို စွန့်ခွာဖို့ ဆုံးဖြတ်ခဲ့ပြီး ပီအက်စ်ဂျီကလည်း အမ်ဘာပေရဲ့ ဆန္ဒအတိုင်း လိုက်လျောပေးဖို့ သဘောတူခဲ့ပါတယ်။

လက်ရှိမှာ အမ်ဘာပေက သူ့ရဲ့ အိမ်မက်အသင်း ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ ကစားဖို့ နီးစပ်နေပြီး နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ အမ်ဘာပေက သူဟာ ယူရို ၂၀၂၄ပြိုင်ပွဲ မစခင်မှာ သူ့ရဲ့ အနာဂတ် အတွက် တိကျတဲ့ အဖြေတခုကို ထုတ်ပြောဖို့ စဉ်းစားထားပေမယ့် အခုချိန်မှာတော့ ပီအက်စ်ဂျီနဲ့အတူ ပြိုင်ပွဲအားလုံးမှာ ချန်ပီယံ အဖြစ် အောင်ပွဲခံနိုင်ဖို့ အတွက်ပဲ အာရုံစိုက်ထားတယ်လို့ ဆိုလာပါတယ်။

Photo Credit: Standard

အမ်ဘာပေက – “ကျွန်တော်တို့က ဒီရာသီရဲ့ နောက်ဆုံးကာလကို ရောက်နေတာပါ။ ကျွန်တော်တို့အသင်းက ပြိုင်ပွဲ အကုန်လုံးမှာ ရှိနေပါသေးတယ်။ ဒါကြောင့် အခုချိန်မှာ ကျွန်တော်က အသင်းမှာ ဆက်နေမလား ၊ မနေဘူးလား ဆိုတာထက် အသင်းနဲ့အတူ ဆုဖလား ၃လုံးစလုံးကို တပြိုင်ထဲ ရယူနိုင်ဖို့က ပိုအရေးကြီးပါတယ်။ ကျွန်တော်တို့က ဒီရာသီကို ထူးခြားတဲ့ရာသီ တခု ဖြစ်အောင် လုပ်ခွင့် ရထားပါတယ်။ အသင်းမှာ ရှိတဲ့ လူတိုင်းကလည်း ဖလား ၃လုံး အောင်မြင်မှုအတွက် စိတ်လှုပ်ရှားနေကြပါတယ်” လို့ ပြောကြားသွားခဲ့တာပါ။

အမ်ဘာပေရဲ့ ပီအက်စ်ဂျီက လီဂူးဝမ်းပြိုင်ပွဲရဲ့ အဆင့်(၁)နေရာကို သိမ်းပိုက်ထားနိုင်သလို ပြင်သစ်ဖလားပြိုင်ပွဲမှာ ဆီမီးဖိုင်နယ် အထိ တက်လှမ်းထားနိုင်ကာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း ကွာတားဖိုင်နယ် အထိ ရောက်ရှိနေပြီး လက်ကျန်ပွဲစဉ်တွေ အားလုံးမှာ နိုင်ပွဲတွေ ရယူနိုင်ခဲ့မယ် ဆိုရင် ဖလား ၃လုံး အောင်မြင်မှုကို ရယူနိုင်မှာပဲ ဖြစ်ပါတယ်။