MySport Myanmar

ဆော်ဒီမှာ ကစားဖို့ထက် ပီအက်စ်ဂျီမှာပဲ ချောင်ထိုးခံထားရဖို့သာ ဆန္ဒရှိနေတဲ့ ဘာပေ

ပီအက်စ်ဂျီအသင်းရဲ့ တိုက်စစ် ကစားသမား ကီလီယန် အမ်ဘာပေက သူ့ကို ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေး တစ်ရပ်နဲ့ ကမ်းလှမ်းလာတဲ့ ဆော်ဒီ ကလပ် အယ်လ် ဟီလယ်အသင်းဆီ ပြောင်းရွှေ့ဖို့ထက် ဘောလုံးရာသီ တစ်ရာသီလုံး ပီအက်စ်ဂျီအသင်း သူ့ကို ချောင်ထိုးထားမယ်ဆိုရင်တောင် အဲ့ဒီအတိုင်းသာ ဆက်နေသွားဖို့ ဆန္ဒရှိတယ်လို့ Relevo ကနေ ဖော်ပြလာခဲ့ပါတယ်။

လီယွန်နယ် မက်ဆီကို ခေါ်ယူသွားဖို့ စီစဉ်ထားခဲ့တဲ့ ဆော်ဒီ ထိပ်သီးကလပ် အယ်လ် ဟီလယ်က မက်ဆီကို မခေါ်ယူနိုင်ခဲ့ပေမယ့် မက်ဆီနဲ့ အသင်းဖော်တွေ ဖြစ်ခဲ့ဖူးတဲ့ စူပါစတား ကစားသမား ဘာပေကို အလိုရှိလာခဲ့ပြီး ဘာပေအတွက်ကိုလည်း ပြောင်းရွှေ့ကြေး ယူရို သန်း(၃၀၀)နဲ့ပါ စတင် ကမ်းလှမ်းမှု ပြုလုပ်ထားခဲ့ပါသေးတယ်။

Photo Credit : talkSPORT

ဒီပြောင်းရွှေ့ကြေးက လက်ရှိ ကမ္ဘာ့စံချိန်တင် ပြောင်းရွှေ့ကြေးအဖြစ် ရပ်တည်နေတဲ့ နေမာရဲ့ ယူရို (၂၂၂)သန်းနဲ့ သန်းပေါင်းများစွာ များပြားနေတဲ့အပြင် အယ်လ် ဟီလယ်ဘက်က ဘာပေ သူတို့အသင်းမှာ တစ်ရာသီလေးပဲ ကစားပေးမယ်ဆိုရင်တောင် ဘာပေအတွက် ကမ္ဘာ့စံချိန်တင် လုပ်ခ လစာအထိ ပေးသွားဖို့ပါ ဆန္ဒရှိနေပါတယ်။

အယ်လ် ဟီလယ်နည်းတူပဲ ဘာပေကို စိတ်ဝင်စားနေကြတဲ့ ဥရောပ ကလပ်အသင်းတွေလည်း ရှိနေကြတယ် ဆိုပေမယ့် အယ်လ် ဟီလယ်နဲ့ ပြောင်းရွှေ့ကြေး အပြိုင် ကမ်းလှမ်းဖို့ကတော့ မဖြစ်နိုင်တာမို့ အယ်လ် ဟီလယ်က ပီအက်စ်ဂျီအသင်းနဲ့ သဘောတူညီမှု ရရှိဖို့ မခက်ခဲတော့တဲ့ အခြေအနေကို ရောက်နေရပါတယ်။ ဒါပေမယ့် ကစားသမားနဲ့ သဘောတူညီမှု ရဖို့ကတော့ တော်တော်လေး ခက်ခဲရနိုင်ပါတယ်။

Photo Credit : Planet Sports

စပိန် outlet တစ်ခုဖြစ်တဲ့ Relevo ရဲ့ သတင်းဖော်ပြချက်မှာတော့ ဘာပေက ဆော်ဒီကို ပြောင်းရွှေ့ဖို့ ဆန္ဒမရှိတာကြောင့် ပီအက်စ်ဂျီဘက် သူ့ကို တစ်ရာသီလုံး ချောင်ထိုးထားမယ်ဆိုရင်တောင် သူက ဒါကို ခံယူသွားဖို့သာ ဆန္ဒရှိနေတယ်လို့ သိရပါတယ်။ လက်ရှိအချိန်ထိ ဘာပေက ပီအက်စ်ဂျီမှာပဲ စာချုပ် သက်တမ်း ကုန်ဆုံးမယ့် အချိန်ထိ ဆက်လက် ရှိနေချင်တုန်းပဲ ဖြစ်ပါတယ်။

ပီအက်စ်ဂျီနဲ့ စာချုပ် ကုန်ဆုံးမယ့် ၂၀၂၄ နွေမှသာ အသင်းကနေ အလွတ် ထွက်ခွာပြီး သူ ပြောင်းရွှေ့ကစားလိုတဲ့ ရီးယဲလ် မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ကြေး မပါဝင်ပဲ free ပြောင်းရွှေ့ဖို့သာ ဘာပေက ဆုံးဖြတ်ထားပါတယ်။

Exit mobile version