လီဗာပူးလ်အသင်းရဲ့ နည်းပြကြီးဖြစ်သူ ယာဂင်ကလော့က ပီအက်စ်ဂျီအသင်းရဲ့ လူငယ်တိုက်စစ်ကစားသမားလေး ကီလီယန်အမ်ဘာပေကို ခေါ်ယူနိုင်ဖို့အတွက် ဘာပေရဲ့ဖခင်ဖြစ်သူ ဝဲလ်ဖရက်ဒ်ဘာပေနဲ့ ဖုန်းပြောဆိုမှုတွေ ပြုလုပ်ခဲ့တယ်လို့ ပြင်သစ်သတင်းမီဒီယာတွေကနေ ဖော်ပြလာခဲ့ပြီးနောက် ဘာပေနဲ့ လီဗာပူးလ်သတင်းတွေ ထွက်ပေါ်ခဲ့ပေမယ်လို့ ရက်ပိုင်းလေးအတွင်း အပြောင်းအရွှေ့ ကောလဟာလသတင်းတွေ ပြန်ငြိမ်သွားခဲ့ရာ အခုတော့ အဆိုပါ သတင်းမီဒီယာကနေပဲ ဘာပေနဲ့ လီဗာပူးလ်အသင်းတို့ကြား လှုပ်ခတ်စေဦးမယ့် အပြောင်းအရွှေ့သတင်းတစ်ခုကို ထုတ်ဖော်လာခဲ့ပြန်ပါတယ်။

အသက်(၂၁)နှစ်အရွှယ်ရှိ ပြင်သစ်လူငယ် တိုက်စစ်ကစားသမားလေး ဘာပေဟာ ရီးရဲလ်မက်ဒရစ်အသင်းရဲ့ အဓိကပစ်မှတ်ဖြစ်လို့နေပြီး အခုလို ကိုရိုနာဗိုင်းရပ်စ်ဂယက်မတိုင်ခင်က ရီးရဲလ်ကို ပြောင်းရွှေ့ဖို့ သဘောတူညီလုနီးပါးအထိ ဖြစ်ခဲ့ပေမယ့်လည်း ဗိုင်းရပ်စ်ပြသာနာကြောင့် ဘောလုံးအသင်းတိုင်း စီးပွားရေးအကျပ်အတည်းနဲ့ ရင်ဆိုင်လာခဲ့ရာကာ ရီးရဲလ်လည်း ဘာပေကို ခေါ်ယူဖို့ နောက်နှစ်ပိုင်းတွေကို ရွှေ့ဆိုင်းလိုက်ရပါတယ်။ ဒီလိုအချိန်မှာ လီဗာပူးလ်အသင်းကနေ ဘာပေကို ခေါ်ယူဖို့ လှုပ်ရှားလာခဲ့ပြီး နည်းပြကလော့ကိုယ်တိုင် ဘာပေရဲ့ဖခင်ဆီကို ဖုန်းနဲ့ဆက်သွယ်ခဲ့တယ်လို့ပါ သတင်းတွေ ထွက်ပေါ်လာခဲ့ပါတယ်။

ကလော့ဟာ ဘာပေရဲ့ဖခင် ဝဲလ်ဖရက်ဒ်ဘာပေဆီကို ဖုန်းနဲ့ဆက်သွယ်ခဲ့ပြီးနောက်မှာ ဘာပေကိုယ်တိုင် လီဗာပူးလ်မှာ လာရောက်ကစားဖို့ကို ပိုမိုစိတ်ဝင်စားလာခဲ့တယ်လို့ Le10 Sport သတင်းမီဒီယာကနေ ဖော်ပြလာခဲ့ပါတယ်။ လတ်တလောမှာ ဘာပေကိုယ်တိုင်က သူရဲ့အနာဂတ်နဲ့ပတ်သက်ပြီး ဘာမှပြောဆိုထားခြင်းမရှိသေးပဲ ပီအက်စ်ဂျီအသင်းကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားဖြစ်သူ ဘာပေကို အသင်းမှာပဲ ဆက်လက်ထိန်းသိမ်းထားချင်နေကာ တစ်ပတ်လုပ်ခ ပေါင်(၆)သိန်းနဲ့အထိတောင် စာချုပ်သက်တမ်းတိုးဖို့တောင် ပြင်ဆင်လို့နေပါတယ်။ လက်ရှိအနေအထားတွေအရတော့ ဘာပေဟာ ပီအက်စ်ဂျီအသင်းဆီမှာ နောက်ထပ်ဘောလုံးရာသီတစ်ရာသီခန့်လောက် ဆက်လက်ရှိနေနိုင်သေးပြီး လာမယ့် ၂၀၂၁ခုနှစ်ကြမှ ရီးရဲလ်မက်ဒရစ်အသင်း ဒါမှမဟုတ် လီဗာပူးလ်အသင်းတို့ကို ပြောင်းရွှေ့ဖွယ်ရှိလို့နေပါတယ်။