ပြင်သစ် လီဂူးဝမ်း အင်အားကြီးအသင်း ဖြစ်တဲ့ ပီအက်စ်ဂျီအသင်းနဲ့ ပြင်သစ် လက်ရွေးစင် အသင်းတို့ရဲ့ အဓိက တိုက်စစ်မှူး ဖြစ်သူ ကိုင်လီယန် အမ်ဘာပေကတော့ အနာဂတ်မှာ သူဟာ ပီအက်စ်ဂျီအသင်းမှာပဲ ဆက်ရှိဖို့ မသေချာကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ဖွင့်ဟ ဝန်ခံသွားခဲ့ပါတယ်။ အသက် ၂၂နှစ် အရွယ် ပြင်သစ် လက်ရွေးစင် ကိုင်လီယန် အမ်ဘာပေဟာ ယခုနှစ် ဘောလုံးရာသီမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရရှိဖို့ ရေပန်းစားနေတဲ့ ကစားသမား တဦး ဖြစ်သလို လက်ရှိ ကမ္ဘာ့အကောင်းဆုံး တိုက်စစ်မှူး ၅ဦးထဲမှာ တဦးအပါအဝင် အဖြစ် ဘောလုံးရေးရာ ကျွမ်းကျင်သူတွေရဲ့ သုံးသပ်ခြင်းကိုလည်း ခံထားရသူ ဖြစ်ပါတယ်။

Photo Credit: AS English

အမ်ဘာပေဟာ လာမယ့် ၃ ၊ ၄နှစ် အတွင်းမှာ ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရယူနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်တာကြောင့် လက်ရှိမှာ သူ့ကို ပြောင်းရွှေ့ကြေး ဘယ်လောက်ပေးရ ၊ ပေးရ ခေါ်ယူဖို့ စိတ်ဝင်စားနေတဲ့ ထိပ်သီးအသင်းတွေ အများအပြား ရှိနေပြီး ပီအက်စ်ဂျီအသင်းကလည်း သူ့ကို အသင်းမှာပဲ ဆက်လက် ရှိစေချင်နေပါတယ်။ ဒါပေမယ့် အမ်ဘာပေနဲ့ ပီအက်စ်ဂျီအသင်းတို့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်သက်တမ်းဟာ ၁နှစ်သာ ကျန်ရှိတော့တာကြောင့် ပီအက်စ်ဂျီအသင်း အနေနဲ့ အမ်ဘာပေကို စာချုပ်သစ် ထပ်မံ ချုပ်ဆိုနိုင်ခြင်း မရှိပါက လက်လွှတ်ဆုံးရှုံးရဖို့ အလားအလာ များနေပါတယ်။ ပီအက်စ်ဂျီအသင်းရဲ့ ဥက္ကဌ ဖြစ်သူ ခါလိုင်ဖီကတော့ သူတို့အသင်းဟာ အမ်ဘာပေကို ရောင်းချမှာ မဟုတ်သလို အသင်းမှာပဲ ဆက်လက် ထိန်းသိမ်းသွားမှာ ဖြစ်ကြောင်း ပြောကြားထားပေမယ့် အမ်ဘာပေကတော့ သူ့ရဲ့ အနာဂတ်ဟာ မရေမရာ ဖြစ်နေကြောင်း ဝန်ခံသွားပါတယ်။

Photo Credit: AS English

ပီအက်စ်ဂျီအသင်းနဲ့ အနာဂတ် မရေမရာ ဖြစ်နေတဲ့ အကြောင်းကို အမ်ဘာပေက – “ကျွန်တော့်ရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး ဆုံးဖြတ်ချက်ကို အလျင်စလို ချစရာ မလိုပါဘူး။ ကျွန်တော်က မှန်ကန်တဲ့ ဆုံးဖြတ်ချက်ကို ချနိုင်ဖို့ လိုပါတယ်။ အဲ့ဒီလို ဆုံးဖြတ်ချက် ချရတာဟာ ခက်ခဲမယ် ဆိုတာ အသေအချာပါပဲ။ ပြီးတော့ ကျွန်တော့်ရဲ့ စိတ်ကို ပြင်ဆင်ဖို့လည်း လိုအပ်ပါတယ်။ အခုချိန်မှာ ကျွန်တော်က ကျွန်တော် သဘောကျတဲ့ နေရာတခုမှာ ရှိနေပါတယ်။ ပြီးတော့ ကျွန်တော်က သက်တောင့်သက်သာ ဖြစ်နေဆဲပါ။ ဒါပေမယ့် ဒီနေရာ (ပီအက်စ်ဂျီအသင်း) က ကျွန်တော့်အတွက် အကောင်းဆုံး နေရာတခုလား? ဒီအဖြေကို ကျွန်တော် မသိသေးပါဘူး။ ကျွန်တော် ရှိခြင်း ၊ မရှိခြင်းက အသင်းရဲ့ စီမံကိန်းတွေနဲ့ ပတ်သတ်ပြီး အပြောင်းအလဲ အများကြီး ဖြစ်စေမယ် ဆိုတာ ကျွန်တော် သိထားပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းက ကျွန်တော့်ရဲ့ ခံစားချက်တွေကို နားလည်ပါတယ်။ အထူးသဖြင့် ကျွန်တော်က ခိုးကြောင်ခိုးဝှက် လုပ်တတ်တဲ့ လူတဦး မဟုတ်ဘူးဆိုတာ သူတို့ သိထားပါတယ်။ ကြီးကျယ်တဲ့ ကစားသမား တယောက် အဖြစ် ဘောလုံးကွင်း ပြင်ပမှာ သက်သေပြနိုင်ဖို့ ဆိုရင် ခင်ဗျားက ဘာတွေ လုပ်ရမလဲ ဆိုတာ ရှင်းရှင်းလင်းလင်း သိဖို့ လိုအပ်ပါတယ်” လို့ ပြောကြား သွားတာပဲ ဖြစ်ပါတယ်။