ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်မှူး တစ်ဦးဖြစ်သလို ဘောလုံးလောကမှာ မက်ဆီနဲ့ ရိုနယ်ဒိုတို့ပြီးနောက် ကမ္ဘာ့အကောင်းဆုံး ကစားသမားဆုကို ရလိမ့်မယ်လို့ ထင်ကြေးပေးခံထားရတဲ့ အမ်ဘာပေကတော့ ယနေ့မနက်မှာ ကစားခဲ့တဲ့ ပီအက်စ်ဂျီအသင်းနဲ့ မောင့်ပယ်လီယာအသင်းတို့ရဲ့ ပွဲစဉ်မှာ လူစားလဲခံရမှုနဲ့ ပတ်သတ်ပြီး နည်းပြတူချယ်နဲ့ ပြဿနာတက်ခဲ့တယ်လို့ သိရပါတယ်။

Photo Credit: Marca.com

အိမ်ကွင်းမှာ ကစားခဲ့ရတဲ့ အဆိုပါပွဲစဉ်မှာ ပီအက်စ်ဂျီအသင်းဟာ မောင့်ပယ်လီယာအသင်းကို ငါးဂိုး ဂိုးမရှိဆိုတဲ့ရလဒ်နဲ့ သက်တောင့်သက်သာ အနိုင်ရရှိခဲ့ပြီး အမ်ဘာပေဟာ အသင်းအတွက် သွင်းဂိုးတစ်ဂိုး သွင်းယူပေးနိုင်ခဲ့ပါတယ်။ အမ်ဘာပေဟာ ပွဲကစားချိန် ၅၈မိနစ်မှာ ပီအက်စ်ဂျီအသင်းအတွက် စတုတ္ထ ဦးဆောင်ဂိုးကို သွင်းယူပေးခဲ့တာဖြစ်ပြီး ပွဲကစားချိန် ၆၈မိနစ်မှာတော့ နည်းပြတူချယ်ဟာ အမ်ဘာပေကို နောက်ထပ်တိုက်စစ်မှူးတစ်ဦး ဖြစ်တဲ့ အိုင်ကာဒီနဲ့ လူစားလဲခဲ့ပါတယ်။

Photo Credit: Marca.com

ဘောလုံးပွဲစဉ်တွေမှာ လူစားလဲတာဟာ သာမန်ဖြစ်ရပ်တစ်ခုဖြစ်ပေမယ့် မနေ့ညမှာတော့ အမ်ဘာပေဟာ လူစားလဲခံရမှုကို မကျေမနပ်ဖြစ်နေခဲ့တာကို မြင်တွေ့ခဲ့ရပြီး နည်းပြ တူချယ်နဲ့လည်း အကြီးအကျယ် စကားများခဲ့ပါတယ်။ တူချယ်ဟာ လူစားလဲမှုနဲ့ ပတ်သတ်ပြီး အမ်ဘာပေကို ရှင်းပြဖို့ ကြိုးစားခဲ့ပေမယ့် အမ်ဘာပေဘက်ကတော့ အတော်လေး ဒေါသထွက်နေခဲ့တာကို ရုပ်သံထုတ်လွှင့်မှုတွေကနေ မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Marca.com

အခုချိန်မှာတော့ အမ်ဘာပေဟာ အဆိုပါ ဖြစ်ရပ်နဲ့ပတ်သတ်ပြီး ပရိသတ်တွေရဲ့ ဝေဖန်မှုနဲ့ ရင်ဆိုင်နေခဲ့ရကာ နည်းပြအပေါ် လေးစားမှု ရှိသင့်ကြောင်း ပရိသတ်တွေက ထောက်ပြပြောဆိုခဲ့ကြပါတယ်။ အဆိုပါကိစ္စရပ်နဲ့ပတ်သတ်ပြီး ပီအက်စ်ဂျီနည်းပြ တူချယ်ကတော့ မည်သည့် စကားကိုမျှ ပြောဆိုထားခြင်း မရှိသေးပါဘူး။