MySport Myanmar

ဘိုင်ယန်နဲ့ ချန်ပီယံလိဂ် ပွဲမတိုင်ခင် လေ့ကျင့်ခန်းတွေ စတင် လုပ်ဆောင်နေတဲ့ ဘာပေ

ပီအက်စ်ဂျီအသင်းရဲ့ ပြင်သစ်တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေဟာ ဘိုင်ယန်မြူးနစ်အသင်းနဲ့ ရင်ဆိုင်သွားရမယ့် ချန်ပီယံလိဂ် ရှုံးထွက် (၁၆)သင်းအဆင့် ပထမအကျော့ပွဲစဉ် မတိုင်ခင်မှာပဲ ဒဏ်ရာကနေ ပြန်လည် သက်သာလာခဲ့ပြီး အသင်းနဲ့ပါ လေ့ကျင့်ခန်း အစီအစဉ်တွေ စတင် လုပ်ဆောင်နေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

ဘာပေဟာ မွန့်ပယ်လီယာအသင်းနဲ့ ပီအက်စ်ဂျီအသင်းတို့ရဲ့ ပြင်သစ်လီဂူးပွဲစဉ်မှာ ပါဝင်ကစားခဲ့ရင်းနဲ့ တံကောက်ကြောဒဏ်ရာ ရရှိသွားခဲ့တာကြောင့် ပွဲချိန်(၂၁)မိနစ်မှာပဲ လူစားလဲခဲ့ရသလို ဒီဒဏ်ရာကြောင့် (၃)ပတ်ခန့် အနားယူရနိုင်ပြီး ချန်ပီယံလိဂ် ရှုံးထွက် ပထမအကျော့ကိုပါ လွဲချော်ရနိုင်တယ်လို့ သတင်းထွက်ခဲ့ပေမယ့် လက်ရှိမှာတော့ ဘာပေဟာ အသင်းနဲ့အတူ လေ့ကျင့်ခန်းပါ ပြန်ဆင်းနိုင်ပြီပဲ ဖြစ်ပါတယ်။

Photo Credit : Daily Mail

ဘာပေက ပီအက်စ်ဂျီအသင်းရဲ့ ပွဲစဉ်(၃)ပွဲကို သူရဲ့ဒဏ်ရာ ပြသာနာကြောင့် လွဲချော်ထားခဲ့ရချိန် အသင်းဟာလည်း မာဆေးလ် မိုနာကိုတို့ကို ဆက်တိုက် ရှုံးနိမ့်ခဲ့ပြီး မာဆေးလ်ကို ရှုံးနိမ့်ခဲ့ချိန်မှာတော့ ပြင်သစ်ဖလားကနေပါ ထွက်ခွာခဲ့ရပါတယ်။ ဒါပေမယ့် ဖေဖော်ဝါရီ (၂၃)ရက်လောက်မှ အသင်းနဲ့ ပြန်ပူးပေါင်းနိုင်မယ်လို့ ယူဆခဲ့ရတဲ့ ဘာပေက လက်ရှိမှာပဲ သာမာန် လေ့ကျင့်ခန်းတွေကို ပါဝင် လုပ်ဆောင်နေပြီဖြစ်လို့ Parc des Princes မှာ ဘိုင်ယန်မြူးနစ်အသင်းကို ဧည့်ခံသွားရမယ့် ချန်ပီယံလိဂ် ရှုံးထွက် ပကျော့ပွဲစဉ်မှာပါ မိနစ် အနည်းငယ်လောက်ဖြစ်ဖြစ် ပါဝင်လာဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

ဒါ့အပြင် ပြီးခဲ့တဲ့ မိုနာကိုနဲ့ ပွဲစဉ်တုန်းက ပါဝင်နိုင်ခြင်း မရှိခဲ့သူ လီယွန်နယ်မက်ဆီဟာလည်း ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲကို ပါဝင်လာဖို့ အခြေအနေကောင်းလို့နေပြီး ဘာပေ ဗာရက်တီတို့ရဲ့ အခြေအနေတွေကတော့ မသေချာသေးသလို ရီနာတိုဆန်းချက်စ်နဲ့ မူခေလီတို့ကတော့ ပါဝင်နိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။ တစ်ဖက်က ဘိုင်ယန်မှာကလည်း သီအိုဟာနန်ဒက်ဇ် မာနေး နူအာ မာဇာယာအူယီတို့က ဒီပွဲကို လွဲချော်ရမှာ ဖြစ်ပါတယ်။

Exit mobile version