လက်ရှိအချိန်ထိ ပီအက်စ်ဂျီအသင်းနဲ့ စာချုပ်သက်တမ်း တိုးမြှင့်မယ့်ကိစ္စကို အပြီးမသတ်နိုင်သေးပဲ ကြန့်ကြာလျက်ရှိနေတဲ့ ပြင်သစ်တိုက်စစ်မှူး ကီလီယန်အမ်ဘာပေဟာ ပီအက်စ်ဂျီမှာ အနာဂတ်အခြေအနေ မတည်မငြိမ် ဖြစ်လာခဲ့ရပြီး သူ့ကို ခေါ်ယူသွားဖို့ စိတ်ဝင်စားနေတဲ့ ကလပ်အသင်းတွေထဲကမှ ရီးရဲလ်မက်ဒရစ်အသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားမှု ရှိနေတဲ့အပြင် အပြောင်းအရွှေ့ ဖြစ်လာခဲ့ပြီးပါက စပိန်နိုင်ငံ မက်ဒရစ်မြို့အတွင်းမှာပါ နေထိုင်သွားဖို့အထိပါ ရှာဖွေလျက်ရှိနေတယ်လို့ သတင်းထွက်လာခဲ့ပါတယ်။

Photo Credit : Daily Sabah

အသက်(၂၂)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင် တိုက်စစ်မှူးလေး ဘာပေဟာ ပီအက်စ်ဂျီအသင်းရဲ့ အဓိကတိုက်စစ်ကစားသမားတစ်ယောက်ဖြစ်ပြီး အသင်းအတွက် သွင်းဂိုးတွေကိုလည်း များစွာသွင်းယူပေးထားနိုင်သူဖြစ်လို့ ၂၀၂၂ခုနှစ်မှာ အသင်းနဲ့ စာချုပ်သက်တမ်းကုန်တော့မယ့် ဘာပေကို ပီအက်စ်ဂျီဘက်ကနေ နှစ်ရှည်သက်တမ်းတိုးချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ကစားသမားဘက်ကတော့ အသင်းဘက်က သက်တမ်းတိုးဖို့ ကမ်းလှမ်းထားခြင်းအပေါ် အကြောင်းပြန်ထားခြင်းမရှိတာကြောင့် ဘာပေအနေနဲ့ အသင်းမှာ ဆက်လက်ရှိနေဖို့က မရေမရာ ဖြစ်လာခဲ့ရပါတယ်။

Photo Credit : Goal

ဒီလို အခြေအနေရှိနေတဲ့ ဘာပေကို ရီးရဲလ်မက်ဒရစ်အသင်းကနေ စောင့်ကြည့်လျက်ရှိနေပြီး ဘာပေကိုယ်တိုင်ကလည်း အသင်းမှာ ဆက်ရှိနေဖို့ထက် ဇီဒန်းကိုင်တွယ်နေတဲ့ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ဖို့ စိတ်ဝင်စားလာခဲ့ပါတယ်။ အခုလည်း စပိန်နိုင်ငံဘက်ကနေ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ဘာပေဟာ ရီးရဲလ်အသင်းဆီကို ပြောင်းရွှေ့ပြီးရင် နေထိုင်ဖို့အတွက် နေအိမ်ပါ ရှာဖွေလျက်ရှိနေတယ်လို့ သိရှိရတာကြောင့် ဘာပေနဲ့ ရီးရဲလ်အသင်းတို့ရဲ့ အပြောင်းအရွှေ့သတင်းက ပိုမိုလှုပ်ခတ်လာခဲ့ရပါတယ်။ ဒါပေမယ့် ပီအက်စ်ဂျီအသင်းဘက်ကတော့ သူတို့ရဲ့ ကြယ်ပွင့်ကစားသမားကို အခြားသော ကလပ်အသင်းဆီ အလွယ်တကူ လက်လွတ်ခံသွားမှာမဟုတ်ပဲ အသင်းမှာပဲ ဆက်လက်ရှိနေနိုင်ဖို့အတွက် ထပ်မံကြိုးပမ်းဦးမှာဖြစ်ပါတယ်။ တကယ်လို့ ကြိုးပမ်းမှု မအောင်မြင်ခဲ့ရင်လည်း ဘာပေအတွက် ပြောင်းရွှေ့ကြေးအဖြစ် ပေါင်သန်း(၁၅၀)ဝန်းကျင်လောက်အထိ တောင်းဆိုလာဖွယ် ရှိနေတာကြောင့် ရီးရဲလ်အသင်းဘက်က ဘာပေကို ခေါ်ယူဖို့အတွက် ငွေသားအပြင် အသင်းရဲ့ ကစားသမားတချို့နဲ့ပါ အလိုက်ပေးကမ်းလှမ်းရဖွယ် ရှိနေပါတယ်။